တရုတ်က ပြန်လွှဲတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးရာနဲ့ မန္တလေးဘက်အင်အားဖြည့်
2024.12.05
တရုတ်နိုင်ငံကနေ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ကို လွှဲပြောင်းပေးခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးရာကျော်ကို စစ်ကောင်စီတပ်က အခုရက်ပိုင်းမှာ ရဟတ်ယာဉ်တွေနဲ့ မန္တလေးမြို့ဘက်ကို ပို့ဆောင်နေတယ်လို့ မူဆယ်မြို့ခံတွေက ဒီဇင်ဘာလ ၅ ရက်နေ့မှာ ပြောပါတယ်။
အဲဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ တရုတ်-မြန်မာနယ်စပ်က ကချင်ပြည်နယ် ကန်ပိုက်တီမြို့သိမ်းတိုက်ပွဲမှာ တရုတ်နိုင်ငံထဲ ထွက်ပြေးသွားကြသူတွေဖြစ်ပြီး တရုတ်အာဏာပိုင်တွေက နိုဝင်ဘာလ ၂၃ ရက်နေ့မှာ မူဆယ်မြို့ကို ပြန်ပို့ပေးခဲ့တာပါ။
ဒီဇင်ဘာလ ၂ ရက်နေ့ကစပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုထားရှိတဲ့ ဆောက်လက်စ မူဆယ်ခရိုင်ဆေးရုံနေရာကို နေ့စဉ် ရဟတ်ယာဉ်တွေနဲ့ လာရောက်သယ်ဆောင်နေတာတွေ့ရတယ်လို့ မူဆယ်မြို့ခံတစ်ဦးက ပြောပါတယ်။
“သူတို့ကို ခရိုင်ဆေးရုံမှာ ထားတာလေ။ အခု အဲဒီလူတွေကို ရဟတ်ယာဉ်နဲ့ လာသယ်တာ သုံးရက်ရှိပြီ။ တစ်စင်းမှာ နှစ်ဆယ်၊ သုံးဆယ် အဲဒီလိုမျိုးနဲ့ သယ်နေတာ။ မန္တလေးဘက်ကို ပို့မယ်လို့ သိရတယ်”
သူတို့ဟာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အခြေစိုက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေ ဖြစ်တာကြောင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ တိုက်ပွဲဖြစ်နေတဲ့ ဗန်းမော်မြို့ကို အင်အားဖြည့်ဖို့ ပြန်ပို့နိုင်တယ်လို့ စစ်ရေး အကဲခတ်တွေက ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေဆိုတာ မရှိပါဘူး။
တရုတ်-မြန်မာနယ်စပ် ကချင်ပြည်နယ် ကန်ပိုက်တီမြို့ကို နိုဝင်ဘာ ၂ဝရက်နေ့မှာ KIA နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ထားပါတယ်။
လက်ရှိမှာ KIA ပူးပေါင်းတပ်တွေက ကချင်ပြည်နယ် ဗန်းမော်မြို့နဲ့ မံစီမြို့တို့ကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေပါတယ်။