အဲဒီကြေညာချက်မှာ အဓိက အချက်တွေက လက်ရှိ ဖြစ်နေတဲ့ ပြည်တွင်းစစ်နဲ့ ပတ်သက်ပြီး နိုင်ငံရေး အရ တွေ့ဆုံ ဆွေးနွေး အဖြေရှာဖို့နဲ့ နိုင်ငံရေးအရ ရေရှည် အာမခံချက်ရှိတဲ့ အပစ်ရပ် ငြိမ်းချမ်းရေး ဖေါ်ဆောင်ဖို့ လူထုက လိုလားတယ်ဆိုတဲ့ အချက်တွေ ပါဝင်တယ်လို့သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ KIO ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ် အဖွဲ့ရဲ့ တွဲဘက် အတွင်းရေးမှုးလည်း ဖြစ်တဲ့ ဦးလာနန်းက RFA ကို အခုလို ပြောပါတယ်။ "နိုင်ငံရေးအရ တွေ့ဆုံ အဖြေရှာဖို့ လူထုက လိုလားတယ် ဆိုတဲ့ အချက်၊ အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်ဖို့ ခိုင်မာတဲ့ ကတိတဝတ် ရမှသာလျှင် အပစ်အခတ်ရပ်စဲရေး ဆောင်ရွက်ဖို့ အကြံပြု ထားသလို၊ တနိုင်ငံလုံး အပစ်ရပ်ပြီး နိုင်ငံရေး ဆွေးနွေးမှုတွေ လုပ်ဖို့ လိုလားတယ်ဆိုတဲ့ အချက်တွေ ပါဝင်ပါတယ်။ ဒီအချက်တွေကို မူတည်ပြီး ကျနော်တို့ ကြေငြာချက် ထုတ်ပြန်ပါတယ်။" နယ်ပေါင်းစုံက ကိုယ်စားလှယ် တရာကျော် တက်ရောက်တဲ့ လူထု စည်းဝေးပွဲကို ဇူလိုင်လ ၁၂ နဲ့ ၁၃ ရက် တွေမှာ နှစ်ရက်ကြာ ကျင်းပခဲ့ပြီး၊ အဲဒီ အစည်းအဝေးရဲ့ ရလာဒ် အဖြစ် ဒီအချက်တွေ ထုတ်ပြန်တာ ဖြစ်ပါတယ်။ ဒီကနေ့အထိ ကချင် စစ်ပြေး၊ စစ်ရှောင် ဒုက္ခသည်တွေ အိမ်မပြန်နိုင်ကြသေးဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် မြန်မာစစ်သားတွေ စစ်ကြောင်း ထွက်တဲ့ အခါမှာ သူတို့ လုံခြုံရေး အတွက် ရွာမှာ ကျန်ခဲ့တဲ့ သက်ကြီးရွယ်အိုနဲ့အမျိုးသမီးတွေကို ကျဉ်ကာ အဖြစ် လမ်းတလျှောက် ခေါ်လာပြီး သွားလာ လှုပ်ရှားနေတယ်လို့ ဦးလာနန်းက ပြောပါတယ်။ တဆက်တည်းမှာပဲ ကချင် ဒုက္ခသည် အရေးနဲ့ စစ်ပွဲ ပြဿနာတွေကို တရုတ်အစိုးရက ရေငုံနှုတ်ပိတ် နေပြီး၊ တဘက်မှာတော့ မြန်မာ အစိုးရ အတွက် စစ်အသုံးအဆောင် ပစ္စည်းတွေ ပို့နေတဲ့ အပေါ် မေးခွန်းထုတ်စရာ ဖြစ်နေတယ်လို့ ဦးလာနန်းက ပြောပါတယ်။