ကချင်ပြည်နယ်က လေးမြို့နယ်မှာ စစ်ကောင်စီနဲ့ KIA တိုက်ပွဲပြင်းထန်
ကချင်ပြည်နယ် မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်အနီးက ပန်စွန်တော်၊ မိုးမောက်မြို့နယ်ထဲက ဆီးဟပ် ကုန်းလော့ရွာ၊ ပူတာအိုမြို့နယ် သံဂျာရွာအနီးနဲ့ မိုးညှင်းမြို့နယ် အင်းတော်ဒေသ နန့်မွန်းတောင်စတဲ့ ၄ နေရာမှာ စစ် ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA တို့ ဒီနေ့တိုက်ပွဲတွေပြင်းထန်ခဲ့ပါတယ်။
ဒေါ့ဖုန်းယန်အနီးက ပန်စွန်တောင်မှာ စစ်ကောင်စီရဲ့တပ်မ (၈၈) စကခ (၁၀) က စစ်ကြောင်းနဲ့ KIA တပ်မဟာ (၅) လက်အောက်ခံ တပ်ရင်း (၁၉) တို့ ဒီကနေ့ နေ့လယ် (၂) နာရီလောက်မှာ ထိပ်တိုက် တွေ့ကာ တိုက်ပွဲဖြစ်တာလို့ ဒေါ့ဖုန်းယာန်မြို့ခံတစ်ဦးက RFA ကို အတည်ပြုပြောပါတယ် ။
“အသံတွေကတော့ ဒီကနေတောင် ကြားနေရတာပါ ။ ဟိုတောင်ဆီမှာကို ပိုဆူလို့ညံ့နေတာ ။ လက်နက်ကြီးတွေနဲ့လည်း ဒီမြို့ထဲက (၁၄၂)က ပစ်ကူပေးနေတာ။ စဖြစ်တာကတော့ နေ့လယ် (၂) နာရီ လောက်ကပဲ"
အခုတိုက်ပွဲဖြစ်နေတဲ့ ပန်စွန်တောင်ဟာ ဒေါ့ဖုန်းယန်မြို့ရဲ့အရှေ့ဘက် (၁၅) မိုင်ခန့်အကွာမှာ ရှိတာ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ်လောက်က KIA ရဲ့ နယ်မြေဖြစ်တဲ့ ပန်စွန်တောင်နေရာကို ဒေါ့ဖုန်းယန်မြို့ထဲမှာ ရှိတဲ့ စစ်ကောင်စီရဲ့ နယ်မြေအခြေစိုက်တပ် တပ်ရင်း (၁၄၂) က သွားရောက်ပြီး ရှေ့တန်း တပ်စခန်း အနေနဲ့ အထိုင်ချခဲ့တဲ့နေရာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ် ။
အလားတူပဲ ဒီနေ့မနက် (၁၁) နာရီလောက်က ပူတာအိုမြို့နယ် သံဂျာကျေးရွာအနီးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီရဲ့တပ်ရင်း (၄၆) နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA တပ်မဟာ (၁) တို့ တိုက်ပွဲ ဖြစ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ် ။
ဒီကနေ့ မေလ ၃၀ ရက်နေ့တစ်နေ့တည်းမှာ ကချင်ပြည်နယ်တွင်း ၄ နေရာမှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေ မှာ ထိခိုက်ကျဆုံးတာတွေကို RFA က သီးခြားအတည်မပြုနိုင်သေးပါဘူး။
ကချင်ပြည်နယ်တွင်း လက်ရှိဖြစ်ပွါးနေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်လို့ စစ်ရေးအခြေနေသိနိုင်ဖို့ KIA ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကိုရော စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကိုရော RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဖုန်းဆက်သွယ်လို့ မရသေးပါဘူး။