ကချင်ပြည်နယ်ဝန်ကြီး ချုပ် ရွေးကောက်ပွဲ ဝင်မည်

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းဟာ လာမယ့် နိုဝင်ဘာလရွေးကောက်ပွဲမှာ လွန်ခဲ့တဲ့ ၂၀၁၀ ရွေးကောက် ပွဲ တုန်းက သူဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ တနိုင်းမြို့နယ်မဲဆန္ဒနယ်မြေ ၁ ကနေ ပြန်လည်ယှဉ်ပြိုင်မှာဖြစ်တယ်လို့ ပြော လိုက်ပါတယ်။ ကချင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီရဲ့ ဥက္ကဌ လည်းဖြစ်တဲ့ ဦးလဂျွန်ငန်ဆိုင်းကို RFA က ဒီနေ့ သီးသန့်တွေ့ဆုံမေးမြန်းရာမှာ အခုလို ပြောလိုက်တာပါ။

"၂၀၁၀ တုန်းကလည်း ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီအနေနဲ့ ကျနော် တနိုင်း ပြည်နယ် မဲဆန္ဒအမှတ် ၁ တနိုင်းမြို့နယ်က ယှဉ်ပြိုင်တာဖြစ်ပါတယ်၊ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာလည်း တနိုင်းမြို့နယ်ကပဲ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်၊ ပြည်နယ် ကိုယ်စားလှယ်အနေနဲ့ပဲ ရွေးကောက်ဖို့တော့ များပါတယ်၊ ဘယ်နေရာတိုင်းနဲ့ ပြည်နယ် ကပဲစိန်ခေါ်မှုတွေရှိနေ ကချင်ပြည်နယ်မှာတော့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးမှုပါတီ မှာ တာဝန်ယူတဲ့ ကိုယ်စားလှယ်လောင်းတွေအကုန်လုံး အရည်အချင်းရှိတယ်လို့ လူတိုင်းကသိကြမှာပါ၊ ၂၀၁၅ ရွေးကောက်ပွဲမှာတော့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ အနေ နဲ့ကတော့ စိုးရိမ်စရာမရှိဘူး၊ ပြည်သူတွေအကုန်လုံးက ဆက်လက်ထောက် ခံအားပေးသွားမယ်လို့ ယုံကြည်ပါတယ်"

ကချင်ပြည်နယ်မှာ ပြီးခဲ့တဲ့၂၀၁၀ ရွေးကောက်ပွဲတုန်းက ပြည်နယ်လွှတ်တော်၊ ပြည်သူ့ လွှတ်တော်၊ အမျိုးသားလွှတ် နဲ့ တိုင်းရင်းသားရေးရာဝန်ကြီး လေးနေရာ အတွက် စုစုပေါင်း အမတ်နေရာ ၆၈ နေရာအတွက် ယှဉ်ပြိုင်ခဲ့တာဖြစ် ပါတယ်။

ဒီနှစ်မှာတော့ မြို့နယ် ၁၈ ခုက မဲဆန္ဒနယ်မြေတွေမှာ စုစုပေါင်းကိုယ်စားလှယ်လောင်း နေရာ ၇၀ အတွက် ရွေးကောက်ပွဲပြုလုပ်ဖို့ စီစဉ်ထား တာဖြစ်ကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။

ကချင်ပြည်နယ်မှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ကချင်၊ ရှမ်း၊ လီဆူ၊ လော်ဝေါ်စတဲ့ တိုင်းရင်းသားပါတီ စုစုပေါင်း ၁၇ ပါတီက လတ်တလောသတ်မှတ်ထားတဲ့ မဲဆန္ဒနယ် ၁၈ ခုကနေ ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။