ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင် ဦးဆောင်တဲ့ ပြည်နယ်အစိုးရအဖွဲ့ဟာ မေခနဲ့ မလိခမြစ် ပေါင်းဆုံတဲ့ ဧရာဝတီမြစ်ဆုံနဲ့ မြစ်ဆုံစီမံကိန်းဧရိယာထဲကို ဒီနေ့ သွားရောက်လေ့လာခဲ့ပါတယ်။
ဧရာဝတီမြစ်ဆုံကမ်းနားမှာ ဆိုင်တွေစနစ်တကျ ဆောက်လုပ်ဖို့၊ ကမ်းနားလမ်းဆောက်လုပ်ဖို့ကိစ္စတွေ ညွှန်ကြားသွားပြီးနောက် မြစ်ဆုံစီမံကိန်းဧရိယာထဲကို သွားလေ့လာတာဖြစ်တယ်လို့ မြစ်ဆုံစီမံကိန်းကြောင့် တန်ဖရဲကျေးရွာကနေ အောင်မြင်သာကို ပြောင်းရွှေ့ခံထားရတဲ့ လက်ရှိ အောင်မြင်သာကျေးရွာ အုပ်ချုပ်ရေးမှူး ဦးနော်ဂျာ က ပြောပါတယ်။
"အဲ့မှာ ကမ်းနားလမ်း သူတို့လုပ်မယ်၊ ဆိုင်တွေကို စနစ်တကျဆောက်မယ်၊ ပန်းခြံတွေဘာတွေ အရိပ်ရအပင်တွေစိုက်မယ်၊ လှလှပပလုပ်မယ်၊ အဲ့လိုပဲပြောသွားတာ"
CPI ခေါ် SPIC State Power Investment Corporation ကုမ္ပဏီက တာဝန်ယူထားတဲ့ မြစ်ဆုံစီမံကိန်းဧရိယာထဲ သွားရောက်လေ့လာခဲ့ရာမှာ SPIC ကုမ္ပဏီတာဝန်ရှိသူတွေက မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီး ရှင်းပြခဲ့တယ်လို့ လည်း ပြောပါတယ်။
ဧရာဝတီမြစ်ဆုံ၊ မြစ်ညှာ၊ မြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းများ လေ့လာစိစစ်သုံးသပ်ရေးကော်မရှင်ကို ပြီးခဲ့တဲ့ သြဂုတ်လ ၁၂ ရက်နေ့က အဖွဲ့ဝင် ၂၀ ဦးနဲ့ နိုင်ငံတော်သမ္မတ ဦးထင်ကျော် အမိန့်နဲ့ ဖွဲ့စည်းခဲ့ပါတယ်။ အဲ့ဒီကော်မရှင်အဖွဲ့ဝင်တစ်ဦးအဖြစ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က မြစ်ဆုံဒေသကို ပထမဆုံး သွားရောက်လေ့လာတာလည်းဖြစ်ပါတယ်။
ဒီနေ့ခရီးစဉ်မှာ ကော်မရှင်အဖွဲ့ဝင်ဖြစ်သူ ပြည်နယ် ဥပဒချုပ်ဟောင်း ဒေါ်မေရီမီနန်၊ လက်ရှိ ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးနေဝင်းနဲ့ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နဲ့ စက်မှုလက်မှုဝန်ကြီး ဦးဝင်းညွှန့်တို့ လိုက်ပါခဲ့ပါတယ်။
ပြီးခဲ့တဲ့ စစ်အစိုးရလက်ထက်က အကောင်အထည်ဖော်ခဲ့တဲ့ ဧရာဝတီမြစ်ဆုံစီမံကိန်းကို အရင်အစိုးရ လက်ထက်မှာ ပြည်သူတွေရဲ့ ကန့်ကွက်မှုတွေကြောင့် ၂၀၁၁ ခုနှစ် စက်တင်ဘာ ၃၀ ရက်နေ့မှာ ယာယီဆိုင်းငံ့ခဲ့တာဖြစ်ပါတယ်။
