ဝန်ကြီးချုပ် ဒေါက်တာခက်အောင်ကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၃ဝ-က နဲ့ ဒဏ်ငွေချမှတ်

ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင် ကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၃ဝ (က) နဲ့ မတ်လ ၁ဝရက်နေ့က မြစ်ကြီးနား တရားရုံးက ဒဏ်ငွေ ကျပ် ငါးထောင် ချမှတ်လိုက်ပါတယ်။

ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၃ဝ (က) ကို ဘာကိစ္စအတွက် တရားစွဲထားတာလဲ ဆိုတာမသိဘူးလို့ ဝန်ကြီးချုပ်ရဲ့မိသားစုဝင်တစ်ဦးက ပြောပါတယ်။

“ဒီနေ့စွဲပြီး ဒီနေ့ဒဏ်ငွေ ၅ ထောင်နဲ့ပြီးသွားတယ်လို့ကြားရတယ်။ ပုဒ်မ ၁၃ဝ ကို ဘယ်နေ့ စွဲထားလဲတော့ မသိတော့။ ဘာကိစ္စနဲ့ဆိုင်ပြီး ဆွဲထားတာလဲ ကျွန်တော်တို့လည်း မသိဘူး။ အသေးစိတ် ကျွန်တော်တို့လည်းမသိဘူး”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်တာဝန်ယူခဲ့သူတွေကို စစ်ကောင်စီက စွဲဆိုထားတဲ့ အမှုတွေထဲမှာ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၃ဝ(က)လည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ရွေးကောက်ပွဲမဲမသမာမှုပြုလုပ်တယ်ဆိုပြီး ဒီပုဒ်မနဲ့ စွဲဆိုတာဖြစ်ပါတယ်။

ဒီပုဒ်မက ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်တွေကို ဖောက်ဖျက်ကျူးလွန်ပါက ထောင်ဒဏ်သုံးနှစ်ထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။ ဒီပုဒ်မနဲ့ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် ကို ဘားအံထောင်တွင်းတရားရုံးက အမြင့်ဆုံး ထောင်ဒဏ် ၃နှစ် ချမှတ်ထားပါတယ်။

ဒေါက်တာခက်အောင်ဟာ ဖေဖော်ဝါရီ ၂၅ ရက်နေ့က သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဥပဒေ ပုဒ်မ ၂၅ နဲ့ ထောင်ဒဏ်(၁)နှစ် ချမှတ်ခံထားရပါတယ်။ အဲဒီထောင်ဒဏ်တစ်နှစ်ကတော့ ဝန်ကြီးချုပ်ကို ဖမ်းဆီးထိန်းသိမ်းလိုက်တဲ့ ချုပ်ရက်နဲ့ဆိုရင် မတ်လ ၁ ရက်နေ့မှာ ပြည့်သွားပြီဖြစ်တယ်လို့ ဆိုပါတယ်။

ဝန်ကြီးချုပ် ဒေါက်တာခက်အောင်ဟာ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး ပုဒ်မ ၂၅ နဲ့အမှုအပြင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ နဲ့ အမှု ၄ ခုတရားစွဲဆိုခံထားရတာဖြစ်ပါတယ်။

ဝန်ကြီးချုပ်ကို ဗန်းမော် မြစ်ကြီးနား လမ်းပြုလုပ်ချိန် နိုင်ငံတော်ရဲ့ငွေကြေးပစ္စည်းနစ်နာဆုံးရှုံးမှု၊ ၂ဝ၂ဝ ခုနစ်က ဖမ်းမိတဲ့ သလင်းကျောက်ကို လေလံနဲ့ရောင်းချိန်မှာ ပေါက်ဈေးထက်လျှော့ပြီး ရောင်းချမှု၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး နှစ်ထပ်ဆောင် ဧည့်ဂေဟာ ဆောက်လုပ်ရာမှာ စည်းမျဉ်းစည်းကမ်းနဲ့ မကိုက်ညီဘဲ ငွေသုံးစွဲမှုနဲ့ မြစ်ကြီးနားမြို့ပေါ်လမ်းလုပ်စဉ် တင်ဒါခေါ်ယူတာမရှိဘဲ လမ်းဖောက်လုပ်မှု စတာတွေနဲ့ စစ်ကောင်စီက အမှုဖွင့်ထားတာဖြစ်ပါတယ်။

ဒေါက်တာခက်အောင်အပြင် ကချင်ပြည်နယ်အစိုးရအဖွဲ့က လူမှုရေးဝန်ကြီး ဦးနေဝင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူစွမ်းအားအရင်းအမြစ် ဝန်ကြီး ဦးဇော်ဝင်း၊ ဘဏ္ဍာအခွန် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးဝေလင်း၊ လျှပ်စစ်နဲ့စက်မှုလက်မှုဝန်ကြီး ဦးဝင်းညွန့် ၊ သယံဇာတနဲ့သဘာဝ ပတ်ဝန်းကျင်ဝန်ကြီး ဦးဒါရှိလဆိုင်း ၊ ကချင်ပြည်နယ် စည်ပင်ဝန်ကြီး ဦးနော်လီ(ခ)ဇခေါင်ခမ်းရယ် တို့ကို စစ်ကောင်စီက သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး ပုဒ်မ ၂၅၊ အကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ပုဒ်မ-၅ဝ၅(ခ)၊ မတရားအသင်းအက်ဥပဒေပုဒ်မ ၁၇/၁တွေ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ တို့နဲ့ သီးခြားစီအမှုဖွင့်ထားတာဖြစ်ပါတယ်။