တပ်မတော်ကို ပြည်သူတွေ ထင်ယောင်ထင်မှားဖြစ်အောင်လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အသရေဖျက်မှု ပုဒ်မ ၅၀၀ နဲ့ တရားစွဲဆိုခံထားရသူ ၃ ဦးကို ဒီနေ့ မြစ်ကြီးနားမြို့နယ်တရားရုံးမှာ ပထမဆုံးအကြိမ် ရုံးတင်ပြီး နှစ်ဦးက အာမခံရရှိခဲ့ပါတယ်။
တပ်မတော်ကို ထိခိုက်အောင် ပြောဆိုတာတွေရှိတာကြောင့် တရားစွဲဆိုတာဖြစ်ကြောင်း တရားလိုဖြစ်တဲ့ မြောက်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ်က ဒုတိယ ဗိုလ်မှူးကြီး မျိုးမင်းဦး က ပြောပါတယ်။
"အဓိကတော့ တပ်မတော်ကို အများပြည်သူတွေ ထင်ယောင်ထင်မှားဖြစ်အောင် ပြောဆိုတာနဲ့ ပတ်သက်ပြီး တော့ အသရေဖျက်မှုပေါ့။ အဓိက အဲဒါပါခင်ဗျ။ ရုံးချိန်းကတော့ ကျနော်က တရားလိုနဲ့ဆိုတော့ သက်သေတွေ ခေါ်ပြီးတော့ စစ်မှာပေါ့"
မြစ်ကြီးနားမြို့မှာ တိုက်ပွဲအတွင်းက ပြည်သူတွေ လွတ်မြောက်ရေးလှုပ်ရှားတဲ့ ကိုလွမ်းဇောင်း၊ ဒေါ်နန်ပူ နဲ့ ဦးဇော်ဂျတ်တို့ကို အသရေဖျက်မှု ပုဒ်မ ၅၀၀ နဲ့ ပထမဆုံးအကြိမ် ရုံးတင်တာဖြစ်ပါတယ်။
တရားဥပဒေအတိုင်း ဆက်လက်ရင်ဆိုင်သွားမယ်လို့ ကိုလွမ်းဇောင်း က ပြောပါတယ်။
"ကျနော်တို့မှာတော့ အပြစ်မရှိဘူးပေါ့နော။ တပ်မတော်ကို နိုင်ငံတော်အစိုးရကို ပုန်ကန်ပြီးမှ အသရေဖျက်တဲ့ လုပ်ငန်း ကျနော်တို့လုပ်တာမဟုတ်ဘူး။ ဒါကြောင့် ကျနော်တို့က ဥပဒေအတိုင်း ချေပခုခံသွားမှာပေါ့နော်"
ပထမဆုံးအကြိမ် ရုံးချိန်းမှာ တရားစွဲဆိုခံထားရသူတွေထဲက ဒေါ်နန်ပူက ခရီးလွန်နေတဲ့အတွက် အမှုကို မစစ်ဆေးရဘဲ လာမယ့် မေလ ၂၁ ရက်နေ့ကို ချိန်းဆိုလိုက်ပြီး ကိုလွမ်းဇောင်း နဲ့ ဦးဇော်ဂျတ်တို့ ၂ ယောက်က အာမခံချက် ယူခဲ့တာဖြစ်ပါတယ်။ ဒေါ်နန်ပူကတော့ တရားရုံးတက်တဲ့နေ့မှာမှ အာမခံယူရမှာဖြစ်တယ်လို့ ဦးဇော်ဂျတ်က ပြောပါတယ်။
တပ်မတော် နဲ့ ကေအိုင်အေ တိုက်ပွဲတွေအတွင်း ပိတ်မိနေသူတွေ လွတ်မြောက်ဖို့ဆိုပြီး ပြီးခဲ့တဲ့ ဧပြီလ ၃၀ ရက်နေ့ ကနေ မေလဆန်းပိုင်းအထိ မြစ်ကြီးနားမြို့မှာ တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။
လက်ရှိအချိန်မှာ တပ်မတော်၊ အစိုးရ၊ ကြက်ခြေနီ၊ ဋ္ဌာနဆိုင်ရာ နဲ့ ပရဟိတအဖွဲ့တွေ ပူးပေါင်းပြီး မြစ်ကြီးနား၊ တနိုင်း၊ ဖားကန့်၊ မိုးကောင်း၊ အင်ဂျန်းယန်၊ ချီဖွေ စတဲ့မြို့နယ်တွေဘက်မှာ ခိုလှုံနေကြတဲ့ စစ်ဘေးရှောင် ၄ ထောင်ကျော် ရှိတယ်လို့ အစိုးရက ထုတ်ပြန်ထားပါတယ်။
တပ်မတော် နဲ့ ကေအိုင်အေတို့ရဲ့ ဧပြီလအတွင်း ဖြစ်ခဲ့တဲ့တိုက်ပွဲတွေနဲ့ ဆက်စပ်ပြီး မြစ်ကြီးနား၊ မန္တလေး၊ ရန်ကုန် စတဲ့ မြို့တွေမှာ စစ်ပွဲတွေရပ်တန့်ဖို့ ခေါင်းစဉ် နဲ့ ငြိမ်းချမ်းရေး လှုပ်ရှားသူတွေကိုလည်း ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ဆိုင်ရာဥပဒေပုဒ်မ ၁၉၊ ၂၀ တို့နဲ့ တရားစွဲဆိုအရေးယူတာတွေ ရှိပါတယ်။
