တိုက်ပွဲကြောင့် ပိတ်မိနေသူတွေကယ်ထုတ်ရေး ဆန္ဒပြသူတွေကို ထောင်ဒဏ် ၆ လ အမိန့်ချ

0:00 / 0:00

ကချင်ပြည်နယ်က တိုက်ပွဲတွေအတွင်း ပိတ်မိနေတဲ့ ဒုက္ခသည်တွေကို ကယ်ထုတ်နိုင်ရေးအတွက် မြစ်ကြီးနားမြို့မှာ ပြီးခဲ့တဲ့ ဧပြီလကုန်က ဆန္ဒပြခဲ့ရာမှာ ဦးဆောင်သူ ၃ ဦးကို မြစ်ကြီးနားမြို့နယ် တရားရုံးက ထောင်ဒဏ် ၆ လနဲ့ ငွေဒဏ် ၅ သိန်း ဒီနေ့ အမိန့်ချလိုက်ပါတယ်။

စစ်ဘေးဒုက္ခသည်တွေကို ကယ်တင်နိုင်ရေးတောင်းဆို ဆန္ဒပြခဲ့တဲ့ ဦးဇော်ဂျတ်၊ ဦးလွမ်းဇောင်းနဲ့ ဒေါ်နန်ပူတို့ ၃ ဦးကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ဒုတိယ ဗိုလ်မှူးကြီး မျိုးမင်းဦးက အသရေဖျက်မှု ပုဒ်မ ၅၀၀ နဲ့ တရားစွဲဆိုထားတာကို ဒီနေ့ အပြီးသတ် အမိန့်ချလိုက်တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလက တပ်မတော်နဲ့ ကေအိုင်အေတို့ကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ပိတ်မိနေတဲ့သူတွေ လွတ်မြောက်ဖို့အတွက် ဧပြီလကုန်ပိုင်းကနေ မေလဆန်းအထိ မြစ်ကြီးနားမြို့မှာ ဒေသခံတွေက တောင်းဆို ဆန္ဒပြခဲ့တာကြောင့် ဦးဆောင်သူတွေကို တပ်မတော်က တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

တရားလိုဖက်က အချက်အလက်ခိုင်ခိုင်မာမာ မတင်ပြနိုင်ပဲ ပိတ်မိနေတဲ့ ဒုက္ခသည်တွေကို ကယ်ထုတ်နိုင်ရေး တောင်းဆိုသူတွေကို တရားရုံးက ထောင်ဒဏ်တွေချလိုက်တာဟာ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးစနစ် ပျက်စီးနေ တာကို ထောက်ပြနေတာဖြစ်ကြောင်း ထောင်ဒဏ်ချမှတ်ခံရသူတွေက ပြောကြပါတယ်။

ထောင်ဒဏ်ချမှတ်ခံရတဲ့ ၃ ဦးထဲက ဦးလွမ်းဇောင်းက အမိန့်ချအပြီးမှာ RFA ကို ပြောပါတယ်။

မတရား ထောင်ဒဏ်နဲ့ ငွေဒဏ်တွေချမှတ်လိုက်တာကြောင့် ဒီဖြစ်ရပ်ဟာ တရားဥပဒေစိုးမိုးမှု မရှိတာကို ပြနေတာဖြစ်ကြောင်း ထောင်ဒဏ်ချမှတ်ခံရတဲ့ ဒေါ်နန်ပူက RFA ကို ပြောပါတယ်။

ဒီနေ့ အမိန့်ချမှတ်တာကို မြစ်ကြီးနားမြို့ဒေသခံတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ စစ်ဘေးကြောင့် မြစ်ကြီးနားမြို့ အနီးကို ထွက်ပြေးလာရသူတွေလည်း လာရောက်စောင့်ကြည့်ခဲ့ကြပါတယ်။

ဆန္ဒပြတာကြောင့် တရားစွဲထောင်ချခံရသူတွေက သူတို့ဟာ ဆန္ဒမပြခင်မှာပင် ပိတ်မိနေတဲ့ စစ်ဘေးဒုက္ခသည်တွေ ကို ကယ်တင်နိုင်ရေး ကချင်ပြည်နယ် အစိုးရအဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးခွင့်ရဖို့ တင်ပြတောင်းဆိုခဲ့ပေမယ့် အစိုးရဘက် က တုံ့ပြန်မှုမရှိတာကြောင့် ဆန္ဒပြပြီတောင်းဆိုတာလို့ ပြောပါတယ်။

သူတို့ ၃ ဦးဟာ ဆန္ဒပြနေစဉ်အတွင်း တပ်မတော်က တဖက်သတ် ထိုးစစ်ဆင်မှုတွေကြောင့် ရွာသားတွေ ထွက်ပြေး ရကြောင်း၊ ပိတ်မိနေတဲ့ ပြည်သူတွေကို လမ်းဖွင့်ပေးဖို့ဟာ တပ်တော်ရဲ့ တာဝန်သာဖြစ်ကြောင်း၊ လေကြောင်းနဲ့ ဗုံးကြဲတာတွေကို ချက်ချင်းရပ်ဆိုတဲ့ အသုံးအနှုန်းတွေ ထည့်သွင်း သုံးစွဲတယ်ဆိုပြီး မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က ဒုတိယ ဗိုလ်မှူးကြီး မျိုးမင်းဦးက အမှုဖွင့် တရားစွဲဆိုတာဖြစ်ပါတယ်။

ဒါပေမဲ့ တရားရုံးကို တရားလိုဖြစ်တဲ့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က ဒုတိယ ဗိုလ်မှူးကြီး မျိုးမင်းဦး လာရောက်ခဲ့ခြင်း မရှိပါဘူး။

တချိန်တည်းမှာလည်း ထောင်ဒဏ်တွေ ချမှတ်လိုက်တာကို မကျေနပ်တဲ့ စစ်ဘေးဒုက္ခသည်တွေနဲ့ ရှေ့နေတွေ ကလည်း ဒီနေ့နေ့လယ်ပိုင်းက မြစ်ကြီးနားမြို့ မနောကွင်းမှာ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။

ထောင်ချခံရသူတွေ ပြောဆိုခဲ့တဲ့ စကားတွေဟာ တကယ့်မြေပြင် အခြေအနေအတိုင်းဖြစ်တာကြောင့် သူတို့ကို အမြန်ဆုံးပြန်လည် လွှတ်ပေးစေချင်တယ်လို့ စစ်ဘေးကြောင့် ထွက်ပြေးလာတဲ့ အောင်လောဒ်ကျေးရွာ၊ ဂျော်မဆတ်စစ်ရှောင်စခန်းက ဒေါ်နန်ဆိုင်းက RFA ကို ပြောပါတယ်။

ထောင်ချခံရသူတွေ လွတ်မြောက်ရေးအတွက် တရားရုံးအဆင့်ဆင့်ကို အယူခံတင်သွားမယ်လို့ ဒီအမှုကို ရှေ့နေ အဖြစ် လိုက်ပါဆောင်ရွက်ပေးနေတဲ့ ဒေါ်ဒွဲဘူက ပြောပါတယ်။

ဒါ့အပြင် ထောင်ချခံရသူတွေ အမြန်ဆုံး ပြန်လည်လွတ်မြောက်လာရေးအတွက် ကချင်လူငယ်အဖွဲ့တွေ အနေနဲ့လည်း သဘောထားထုတ်ပြန်ချက် ထုတ်ပြန်တောင်းဆိုသွားမယ်လို့လည်း သိရပါတယ်။

တပ်မတော်က တရားစွဲဆိုထားတဲ့ အသေရေဖျက်မှု ပုဒ်မ (၅၀၀) ဟာ အမြင့်ဆုံးပြစ်ဒဏ်အဖြစ် အလုပ်မဲ့ထောင်ဒဏ် ၂ နှစ်နဲ့ ငွေဒဏ်ချမှတ်နိုင်တဲ့ ဥပဒေဖြစ်ပြီး ဒီနေ့ ထောင်ဒဏ် ၆ လနဲ့ ငွေဒဏ် ၅ သိန်းချမှတ်ရာမှာ ငွေဒဏ် ၅ သိန်း မပေးဆောင်ဘူးဆိုရင် ထောင်ဒဏ်နောက်ထပ် ၆ လ ထပ်မံကျခံရမှာဖြစ်ပါတယ်ရှင်။

ဒီသတင်းကို RFA သတင်းထောက် မအဲလိဇဘက် ပေးပို့လိုက်တာပါ။