တရုတ်ဘက် ထွက်ပြေးတဲ့ ဒုက္ခ သည် လေးထောင်ကျော် အခက် အခဲဖြစ်နေ
2017.01.11

တရုတ်-မြန်မာနယ်စပ် ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်က ဇိုင်းအောင်နဲ့ မဂါးယန် ဒုက္ခသည်စခန်းအနီးကို လက်နက်ကြီးတွေ ကျရောက်နေတာကြောင့် တရုတ်နိုင်ငံဖက်ကို ထွက်ပြေးတဲ့ ဒုက္ခသည် ၄ ထောင်ကျော်ကို တရုတ်ဘက်က လက်မခံတာကြောင့် အခက်အခဲဖြစ်နေတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။
တရုတ်နိုင်ငံဘက်ကို မနေ့က ထွက်ပြေးခဲ့တဲ့ စစ်ဘေးဒုက္ခသည် ၄၀၀၀ ကျော်ကို တရုတ်ဘက်က လက်မခံဘဲ ဒီနေ့မနက်မှာ ပြန်လွှတ်လိုက်တယ်လို့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC အထွေေထွ အတွင်းရေးမှူး ဒေါက်တာ ဆမ်ဆွန် က ပြောပါတယ်။
လက်ရှိအချိန်မှာ ကချင်လွတ်မြောက်ရေးတပ်မတော် KIAနဲ့ တပ်မတော်ကြား တိုက်ပွဲတွေဖြစ်နေတာကြောင့် ဒုက္ခသည်တွေဟာ ဒုက္ခသည်စခန်းတွေကိုလည်း မပြန်ရဲဘဲ လမ်းတဝက်မှာ နေစရာမရှိဖြစ်နေတယ်လို့လည်း ပြော ပါတယ်။
အဲဒီ ဒုက္ခသည်တွေထဲမှာ အမျိုးသမီး၊ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ အများစု ပါဝင်ပြီး စားသောက်ရေး အတွက် အခက်အခဲဖြစ်နေတယ်လို့ ကချင်အရပ်ဘက်အဖွဲ့အစည်း ၉ ခုနဲ့ ဖွဲ့စည်းထားတဲ့ ပူးပေါင်းလုပ်ငန်းစဉ်အဖွဲ့ JST က ဒီကနေ့ ကြေညာချက်ထုတ်ထားပါတယ်။
အဲဒီထုတ်ပြန်ချက်ထဲမှာ မနေ့က KIA တပ်ရင်း (၃) အခြေစိုက်စခန်းကို တပ်မတော်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အပြင် လေကြောင်း တိုက်ခိုက်မှုတွေပါ ပြုလုပ်ခဲ့တဲ့အတွက် ဒုက္ခသည်တွေ ထွက်ပြေး တိမ်းရှောင်ခဲ့တာဖြစ်တယ်လို့ ပါရှိပါတယ်။
အဲဒီဒုက္ခသည်တွေအရေးနဲ့ ပတ်သက်ပြီး ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ကေအိုင်အေ၊ တရုတ်အစိုးရတို့ နဲ့ ဆွေးနွေးသွားမယ်လို့လည်း ဒေါက်တာဆမ်ဆွန် က ပြောပါတယ်။
၁၉၉၄ ခုနှစ်က အစိုးရနဲ့ အပစ်ရပ်လက်မှတ်ရေးထိုးခဲ့တဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA နဲ့ တပ်မတော်ကြားမှာ ၂၀၁၁ ခုနှစ် ဇွန်လကစပြီး တစ်ကျော့ပြန်တိုက်ပွဲတွေ ဖြစ်နေတာပါ။
ငါးနှစ်ကျော်ကြာနေပြီဖြစ်တဲ့ တစ်ကျော့ပြန်တိုက်ပွဲတွေကြောင့် ကချင်ပြည်နယ်မှာ နေရပ်စွန့်ခွာပြီး ထွက်ပြေးနေကြရတဲ့ စစ်ဘေးဒုက္ခသည်အရေအတွက် တစ်သိန်းဝန်းကျင်ရှိမယ်လို့ အရပ်ဘက်အဖွဲ့တွေက ခန့်မှန်းထားကြပါတယ်။