သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့က နိုင်ငံခြားရေးနဲ့ ကုန်သွယ်ရေး အဆောက်အဦးရှေ့မှာ မလေးရှားရောက် ကချင်အစည်းအရုံး KAA နဲ့ Burma Campaign (Australia) တို့က လူဦးရေ ၃ဝ ခန့် ပူးပေါင်းပြီး ကချင်ပြည်နယ်စစ်ပွဲ ပြန်လည်ဖြစ်ပွားမှု ၂ နှစ်မြောက်အဖြစ် ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြပွဲမှာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုမပြုရေး၊ မြန်မာ အစိုးရနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုမပြုရေး၊ စစ်ပွဲကြောင့်ထွက်ပေါ်လာရတဲ့ သားကောင်များအပေါ် တရားမျှတမှုရှိရေးစတဲ့ ပိုစတာတွေကို ကိုင်ဆောင်ပြီး တောင်းဆိုဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။
ဒီကနေ့ဆန္ဒပြပွဲကို မြန်မာ့အရေးလှုပ်ရှားဆောင် ရွက်နေတဲ့ ကမ္ဘာတဝှမ်းရှိ အဖွဲ့အစည်းပေါင်း ၆ဝ က ပူးပေါင်းပြီး ကျင်းပတာဖြစ်ပါတယ်။
၁၇ နှစ်ကြာ ရပ်စဲထားခဲ့ရာကနေ ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် ဒုက္ခသည်ပေါင်း ၁ သိန်းကျော် ရှိနေတာကို မျက်ကွယ်ပြုပြီး မြန်မာအစိုးရနဲ့ စီးပွားရေး တိုက်ရိုက်ပူးပေါင်းဆောင်ရွက်ဖို့ ရည်ရွယ်တာကိုရပ်တန့်ဖို့ အဓိကထားတောင်းဆိုတာပါလို့ ဦးဆောင်သူတစ်ဦးဖြစ်တဲ့ KAA က ဒေါ်ဆန်းလဖိုင်က အခုလိုပြောပါတယ်။
"ဒီသြစတြေးလျ အစိုးရကနေပြီးတော့ပေါ့နော် မြန်မာနိုင်ငံနဲ့လုပ်တဲ့ engagement မှာ အထူးသဖြင့် သူတို့ဟာဆိုရင် foreign direct investment ကိုပဲ အဓိကထားပြီးတော့ ဒီ human rights နဲ့ justic ပေါ့လေ မြန်မာနိုင်ငံမှာ ပြီးတော့ peace process ဒီဟာတွေကို အဓိကထားပြီးတော့ မလုပ်ဘူးဆိုတာကို တွေ့နေရတဲ့အတွက် ကျမတို့ ဒါတွေကိုလည်း ဦးစားပေးပြီးလုပ်ဖို့နော်၊ အခုလိုပဲတိုင်းပြည်မှာ စစ်ပွဲတွေ ထိုးစစ်တွေ ၂ နှစ်ရှိပြီရှင့် ဆင်နွှဲနေတာ၊ ဒုက္ခသည်တွေလည်း ၁ သိန်းကျော်ပြီပေါ့နော်၊ ဒီလိုဖြစ်နေတဲ့အခြေအနေတွေကို ဥပက္ခာထားပြီးတော့ အဓိက trade နဲ့ investment ကိုပဲ အဓိကထားပြီး ဦးစားပေးနေတာကိုတွေ့ရတဲ့အတွက် ကျမတို့က စိတ်ပျက်မိပါတယ်၊ ပြီးတော့ ဒီဟာကိုအဓိကထားပေးဖို့အတွက်လည်း ကျမတို့က တောင်းဆိုတာပါ"
မကြာသေးခင်က မြန်မာအစိုးရနဲ့ KIA တို့ တွေ့ဆုံဆွေးနွေးပွဲအပြီး ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ဟာလည်း ဘာမှထူးထူးခြားခြားမရှိသလို အပစ်အခတ်ရပ်စဲရေးအတွက် အချိန်ကာလသတ်မှတ်မှု မပါရှိသေးကြောင်း၊
နှစ်ပေါင်း ၆ဝ ကြာ တောင်းဆိုနေခဲ့တဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုလည်း မရှိသေးကြောင်း ဆန္ဒပြသူတွေကပြောပါတယ်။
ဒါ့အပြင် သြစတြေးလျအစိုးရကို မြန်မာအစိုးရနဲ့ KIA တွေ့ဆုံပွဲတွေမှာ ကြားဝင်ညှိနှိုင်းသူအဖြစ် ရပ်တည်ရေး၊ UNFC အောက်မှာရှိတဲ့ Burma Ethnic Peace Center မြန်မာတိုင်းရင်းသားများ ငြိမ်းချမ်းရေးစင်တာကိုထောက်ခံပံ့ပိုးပြီး တစ်နိုင်ငံလုံးငြိမ်းချမ်းရေးရရှိရေး၊ စစ်ပြေးဒုက္ခသည် ၁ သိန်းကျော်ကို တိုက်ရိုက်အကူအညီပေးရေး၊ မြန်မာအစိုးရနဲ့ ဆက်ဆံရာမှာ လူ့အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးရေးတို့ကို အဓိကထားဖို့လည်း ဆန္ဒပြသူတွေက တောင်းဆိုခဲ့ကြပါတယ်။