စစ်ကောင်စီကို ဝိုင်းဝန်းဖိအားပေးဖို့ ကချင်အမျိုးသမီးများအစည်းအရုံး တောင်းဆို

ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အရပ်သားတွေ ပစ်မှတ်ထားတိုက်ခိုက် ခံရမှုတွေ ရှိနေတဲ့အတွက် စစ်ကောင်စီကို နိုင်ငံတကာက ဝိုင်းဝန်းဖိအားပေးဖို့ ထိုင်းနိုင်ငံ အခြေစိုက် ကချင်အမျိုးသမီးများအစည်းအရုံးက ဇွန်လ ၁ ရက် မနေ့က အစီရင်ခံစာ ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၂၀၂၁ ခုနှစ် နိုဝင်ဘာလကနေ ၂၀၂၂ ခုနှစ် ဧပြီလ အထိ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အရပ်သား ၂၁ ဦး သေဆုံးခဲ့ပြီး ကလေးငယ်အပါအဝင် ၄၂ ဦး ဒဏ်ရာရရှိခဲ့သလို ကချင်ပြည် နယ်ကို ရိက္ခာနဲ့ စစ်အင်အားပို့တဲ့ စစ်ကောင်စီ တပ်ဖွဲ့တွေ တိုက်ခိုက်ခံရလို့ အဲဒီဒေသတွေ မှာ လေကြောင်းတိုက်ခိုက်မှု ငါးကြိမ်အထိ ပြုလုပ်ခဲ့တဲ့အတွက် အရပ်သား နှစ်ဦးသေဆုံးပြီး ၁၅ ဦး ဒဏ်ရာရခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့ တပ်မ - ၉၉၊ ၃၃၊ ၈၈ လက်အောက်ခံတပ်သားတွေက ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော် တိုက်နယ်ကျေးရွာအပါအဝင် နေရာ ၁၃ ခုမှာ လက်နက်ကြီး ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့တာကြောင့် အရပ် သား ရှစ်ဦး သေဆုံးပြီး ၂၀ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီတပ်သားတွေရဲ့ ပစ်ခတ်မှုကြောင့် ခုနစ်နှစ် အရွယ် ကလေးငယ်တစ်ဦး သေဆုံးမှု အပါအဝင် ခြောက်လ အတွင်း စစ်ကောင်စီတပ်သားတွေရဲ့ ပစ်ခတ်မှု ၁၃ ကြိမ်အတွင်း သေဆုံးသူ ၁၁ ဦးနဲ့ ဒဏ်ရာရသူ ခုနစ်ဦးရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

တော်လှန်ရေးအဖွဲ့တွေနဲ့ ဆက်စပ်တယ်ဆိုပြီးစွပ်စွဲချက်နဲ့ ဖမ်းဆီးခံရသူ ၂၃ ဦးရှိခဲ့ပြီး အဲဒီထဲမှာ မြစ်ကြီးနားမြို့မှာ နိုဝင်ဘာလ ၁၁ ရက်နေ့က ဖမ်းဆီးခံခဲ့ရတဲ့ ခုနစ်ဦးကတော့ စစ်ကောင်စီတပ်သားတွေရဲ့ ရိုက်နှက်နှိပ်စက်မှုကို ခံခဲ့ရတယ်လို့ ဖော်ပြပါတယ်။

ကချင်ပြည်နယ် မိုးမောက်၊ ဖားကန့်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့တွေမှာ စစ်ကောင်စီ တပ်သားတွေက အရပ်သားတွေကို လူသားဒိုင်းအဖြစ် အသုံးပြုမှု ငါးကြိမ် ရှိခဲ့ပြီး စစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေရဲ့ တိုက်ပွဲကြောင့် ရှမ်းပြည် မြောက်ပိုင်း မူဆယ်၊ လားရှိုးနဲ့ နမ္မတူမြို့နယ်တွေမှာ နေရပ်စွန့်ခွာရသူ ၅၇၀၀ ကျော်အထိ ရှိခဲ့တယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒီအစီရင်ခံစာပါ အချက်အလက်တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်း ကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းနေပေမယ့် အကြောင်းမပြန်သေးပါဘူး။

စစ်ကောင်စီဘက်က အရပ်သားတွေကို ပိုမိုပစ်မှတ်ထားလာနေတာကြောင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီနဲ့ ကမ္ဘာ့နိုင်ငံတွေက စစ်အုပ်စုကို လက်နက်ရောင်းတာတွေ ပိတ်ဆို့ပေးဖို့၊ မြန်မာနိုင်ငံရဲ့ အခြေအနေကို နိုင်ငံတကာရာဇဝတ်တရားရုံးကို လွှဲပြောင်းပေးဖို့နဲ့ နိုင်ငံ တကာအစိုးရတွေအနေနဲ့လည်း စစ်အုပ်စုနဲ့ သံတမန်ရေး၊ စီးပွားရေးပိတ်ဆို့ပြီး NUG ကို မြန်မာနိုင်ငံရဲ့အစိုးရအဖြစ် တရားဝင်အသိမှတ်ပြုဖို့ အစီရင်ခံစာမှာ တောင်းဆိုထား ပါတယ်။

တရုတ်နိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေဘက်ကလည်း စစ်ကောင်စီ ရဲ့ ညှဥ်းပန်းနှိပ်စက်မှု ကြောင့် ထွက်ပြေးနေရသူတွေကို လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီတွေ ပေးဖို့ကိုလည်း မနေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထား ပါတယ်။