ကုလားတန်မြစ်ကြောင်းစီမံကိန်း စစ်တွေဆိပ်ကမ်းကနေ ကုန်သွယ်မှုစတင်
2023.01.13
ရခိုင်ပြည်နယ်မှာ အိန္ဒိယနိုင်ငံက တာဝန်ယူတည်ဆောက်ထားတဲ့ စစ်တွေဆိပ်ကမ်းကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ကုန်သွယ်မှုကို ဇန်နဝါရီလ ၁၃ ရက် နေ့မှာ စတင်လိုက်တယ်လို့ ကုန်သည်အသိုင်းအဝိုင်းက RFA ကို ပြောပါ တယ်။
ရခိုင်ပြည်နယ်ကထွက်ရှိတဲ့ ဆန်တန်ချိန် ၂၆၆၅ တန်၊ ဆန်အိတ်ပေါင်း ၅၃,၃၀၀ တင်ဆောင်ထားတဲ့ MC – 11 ကုန်တင်သင်္ဘောကြီးဟာ စစ်တွေဆိပ်ကမ်းကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းဆိပ်ကမ်းကို ဇန်နဝါရီလ ၁၃ ရက်နေ့ စတင်ထွက်ခွာသွားတာလို့ ကုန်သည်တစ်ဦးက ပြောပါတယ်။
ကုလားတန်မြစ်ကြောင်းဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းမှာ အရေးပါတဲ့ စစ်တွေဆိပ်ကမ်းစီမံကိန်း ဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်လောက်ကတည်းက ပြီးစီးနေတာဖြစ်ပြီး ကုန်သွယ်မှုကိုတော့ ဇန်နဝါရီလ ၁၃ ရက်နေ့မှ စတင်ရတာလို့ ဆိုပါတယ်။
လက်ရှိမှာ တိုက်ပွဲတွေလည်း ရပ်စဲနေတာကြောင့် ချင်းပြည်နယ်အတွင်း ကျန်ရှိနေတဲ့ စီမံကိန်းအစိတ်အပိုင်းတွေကိုလည်း ဆက်ပြီးအကောင်အထည်ဖော်နေပြီလို့ စီမံကိန်းနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ကုလားတန်မြစ်ကြောင်းဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းဟာ အိန္ဒိယနိုင်ငံရဲ့ လမ်းပန်းဆက်သွယ် ရေးခက်ခဲတဲ့ ကုန်းတွင်းပိုင်းဒေသတွေအတွက် ကုန်ပစ္စည်းတွေကို ဘင်္ဂလားပင်လယ်အော် ကနေတစ်ဆင့် ရခိုင်ပြည်နယ် စစ်တွေနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်ကိုဖြတ်ပြီး ရေလမ်း၊ ကုန်းလမ်းကနေဆက်သွယ်ဖို့ ရည်ရွယ်တဲ့ စီမံကိန်း ဖြစ်ပါတယ်။
ဒီစီမံကိန်းကို အိန္ဒိယနဲ့ မြန်မာအကြား ၂၀၀၈ ခုနှစ်က သဘောတူလက်မှတ်ရေးထိုးပြီး ၂၀၀၉ ခုနှစ်မှာ စတင်အကောင်အထည်ဖော်ခဲ့တာပါ။