ကလောမြို့ ရေကြီးနစ်မြုပ်မှု သေဆုံးသူတစ်ရာခန့် ရှိလာ
2024.09.13
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့ ချောင်းဘေးတစ်လျှောက်မှာ ရေကြီးရေလျှံပြီး လူနေအိမ်တွေနဲ့ ဆေးရုံတွေ ရေနစ်မြုပ်ပြီးနောက် သေဆုံးသူ တစ်ရာခန့် ရှိလာပြီလို့ ကလောမြို့ ဒေသခံနဲ့ ကူညီကယ်ဆယ်ရေးလုပ်နေသူ တွေက RFA ကို ပြောပါတယ်။
စက်တင်ဘာလ ၁၂ ရက် မနေ့ကအထိ သေဆုံးသူ ခြောက်ဆယ်ကျော်နဲ့ ပျောက်ဆုံးသူ တစ်ရာနီးပါးရှိရာက အခု ကယ်ဆယ်ရေးအဖွဲ့တွေ ရှာဖွေရာမှာ ရုပ်အလောင်းတွေ ထပ်တွေ့နေတာကြောင့် သေဆုံးသူထပ်တိုးလာတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကူညီကယ်ဆယ်ရေးလုပ်နေသူတစ်ဦးက RFA ကို ပြောပါတယ်။
"သေစာရင်းက အတိအကျတော့မရသေးဘူး၊ တစ်ရာကျော်သွားပြီလို့ ပြောလို့ရတယ်။ အတိအကျပြောနိုင်ဖို့ ဆေးရုံကပဲသိလိမ့်မယ်။ အခုထိ ပျောက်တဲ့သူတွေရှာရင်း သေဆုံးသူတွေက တွေ့တွေ့နေရတာ။ ကူညီရေးကလည်း ကလောမြို့ခံတွေကလွဲပြီ ဘယ်အဖွဲ့ကမှ မလာကြဘူး။ ခရီးမရောက်လို့ အခုလို သေဆုံးတဲ့သူတွေ များများလာတာ၊ တစ်နှစ်မှ ရေဒီလောက်မကြီးဘူးတော့ အခုဆို အိမ်တွေအလုံးလိုက်၊ မိသားစုလိုက်ကို ရေထဲမျောပါသွားတာ၊ ပျောက်တဲ့သူတွေလည်း အများကြီးကျန်သေးတယ်"
ရေကြီးနစ်မြုပ်မှုဖြစ်လာမှာကို ကြိုတင်အသိပေးခဲ့ပေမဲ့ ဘေးလွတ်ရာရှောင်ကြဖို့ ငြင်းကြတာကြောင့် အခုလို သေဆုံးမှုများပြားတာလို့ သူက ပြောပါတယ်။
လက်ရှိမှာ ကလောမြို့ လင်းသစ္စာဆေးရုံလည်း ဆေးရုံနှစ်ထပ်လောက်အထိ ရေမြုပ်နေတယ်လို့ ဆိုပါတယ်။
ရေကြီးရေလျှံမှုတွေ စဖြစ်တဲ့ စက်တင်ဘာလ ၁၀ ကနေ ၁၃ ရက် ဒီနေ့အထိ ဖုန်းနဲ့ အင်တာနက်လိုင်းတွေလည်း ပြတ်တောက်နေတာကြောင့် လိုအပ်တဲ့အကူအညီတွေ မပေးနိုင်ခဲ့ဘူးလို့ မြို့ခံလူမှုကူညီရေးအဖွဲ့တွေက ပြောပါတယ်။
ဒီနေ့မှာလည်း ကလောမြို့အဝင် ချောင်းရေ ဆက်လက်မြင့်တက်နေတာကြောင့် ကလောစျေး ရေမြုပ်ပြီး ကလောဘူတာ၊ နာရီစင်၊ ပန်းခြံနဲ့ အထက်တန်းကျောင်းနားမှာ နေထိုင်သူတွေ ဘေးလွတ်ရာထွက်ချိန်မရဘဲ ပိတ်မိနေတယ်လို့ ဆိုပါတယ်။
ကလောမြို့မှာ နေရာအနှံ့ မြေပြိုမှုတွေဆက်ရှိနေပြီး ကလောနဲ့ အောင်ပန်းကြားမှာလည်း တောင်ကျရေတွေ လျှံနေတာကြောင့် ကူညီကယ်ဆယ်ရေးလမ်းကြောင်းတွေလည်း ပြတ်တောက်နေတာပါ။
ဒီအခြေအနေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
စက်တင်ဘာလ ၉ ရက်နေ့ကစလို့ နိုင်ငံတစ်ဝန်း ရေကြီး မြေပြိုမှုတွေ ဖြစ်နေပြီး သေဆုံးသူ ရာနဲ့ချီရှိနိုင်တယ်လို့ လူမှုကူညီရေးအဖွဲ့တွေက ခန့်မှန်းပြောဆိုပါတယ်။