ကလေးမြို့နယ်မှာ နှစ်ရက်အတွင်း အရပ်သားနှစ်ဦးသေ၊ ခုနစ်ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ မတ် ၇ ရက်နဲ့ ၈ ရက်၊ အချိန်နှစ်ရက်အတွင်း အရပ်သားနှစ်ဦး ပစ်သတ်ခံခဲ့ရ သလို လက်နက်ကြီးကြောင့် ကလေး လေးဦးအပါအဝင် ခုနစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့ကြတယ်လို့ ဒေသခံတွေက RFA ကို ဒီနေ့ ပြောပါတယ်။

မတ်လ ၇ ရက်နေ့က သံဖိုကျေးရွာမှာ နေထိုင်တဲ့ အသက် ၅၄ နှစ်အရွယ် ဦးဗျက်မောဟာ ရွာထဲလမ်းတစ်နေရာ မှာ ဝမ်းဗိုက်ကို ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါတယ်။ အလားတူ မတ်လ ၈ ရက်နေ့က နတ်မြောင်းရွာက အသက် ၄၀ အရွယ် ဦးဇော်မင်းနိုင်ဟာလည်း ယာတောကအပြန် ရွာသုသာန်နားမှာ ပစ်သတ်ခံခဲ့ရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နတ်မြောင်းရွာခံ တစ်ဦးက ပြောပါတယ်။

"အသတ်ခံရတာက တောထဲကနေ အပြန်၊ နတ်မြောင်းသင်္ချိုင်းအနီး စစ်ကြောင်းနဲ့ တွေ့ပြီးတော့မှ ဦးခေါင်းကို တစ်ချက်၊ ဗိုက်ကို တစ်ချက် တေ့ပြီးတော့ ပစ်ခတ်ခံရတဲ့ အခြေအနေပဲဗျ"

သူတို့နှစ်ဦးဟာ PDF တပ်ဖွဲ့နဲ့ ပတ်သက်မှုမရှိသလို ဆန္ဒပြပွဲတွေမှာပါ လိုက်ပါလေ့မရှိဘဲ ရိုးရိုးကုပ်ကုပ်နေထိုင်တဲ့ သာမန်အရပ်သားတွေဖြစ်တယ်လို့ ဒေသခံတွေနဲ့ PDF တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

မတ်လ ၈ ရက်နေ့မှာပဲ နတ်မြောင်းကျေးရွာနားမှာ စစ်ကောင်စီတပ်နဲ့ PDF အဖွဲ့တွေ တိုက်ခိုက်မှုဖြစ်ပွားခဲ့ ပြီးနောက် ဒေသခံတွေ ထွက်ပြေးခိုလှုံနေတဲ့ ကျေးရွာဘုန်းကြီး ကျောင်းဝင်းထဲကို လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့ရာမှာ ကလေး လေးဦးနဲ့ အမျိုးသမီးသုံးဦး၊ စုစုပေါင်း ခုနစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီလက်နက်ကြီးဟာ အမျိုးသမီးတွေနဲ့ ကလေးတွေ ခိုလှုံနေတဲ့ ဘုန်းကြီးကျောင်းအပေါ်ထပ်ကို ကျရောက်လာခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နောက်ထပ် နတ်မြောင်းရွာခံတစ်ဦးက ပြောပါတယ်။

"လက်နက်ကြီးက မိန်းမသားတွေအပြည့်နေကြတဲ့ ဘုန်းကြီးကျောင်းအပေါ်ထပ် တစ်လုံး ကျတာပေါ့နော်။ အသက် ၄၀ ကျော် အမျိုးသမီးတစ်ယောက်က ခေါင်းထိတာ စိုးရိမ်ရတယ်။ အသက် ၅၀ ကျော်က တင်ပါး ထိတာ။ သူကတော့ မစိုးရိမ်ရဘူး။ ရှစ်နှစ်အရွယ်ကလေးက လက်ရယ်၊ ရင်ဘတ်ရယ်၊ ပေါင်ရယ် ထိတာ။ ပြီးတော့ ကျန်တဲ့ ကလေးနှစ်ယောက်ကတော့ လက်ထိတာ။ နို့စို့အရွယ်ကတော့ မျက်ခုံးကို ရှပ်ထိသွားတာ။ ကျန်တဲ့ အမျိုးသမီးတွေကတော့ မစိုးရိမ်ရဘူး"

အဲဒီထဲမှာ ဦးခေါင်းကို လက်နက်ကြီးကျည်စ ထိမှန်ခဲ့တဲ့ အသက် ၄၀ အရွယ် အမျိုးသမီးဟာ ဒဏ်ရာစိုးရိမ်ရတာ ကြောင့် မန္တလေးပြည်သူဆေးရုံကို ပို့ဆောင်ဖို့ စီစဉ်နေတယ်လို့ အကူအညီ ပေးနေသူတွေက ပြောပါတယ်။

မတ်လ ၈ ရက်နေ့က နတ်မြောင်းရွာနားမှာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့သလို မတ်လ ၉ ရက် နေ့မှာလည်း နတ်မြောင်းနဲ့ ထိုမာကျေးရွာကြားမှာ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီနှစ်ရက်တာတိုက်ပွဲအတွင်း CDF-KKG တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ပြီးတော့ စစ်ကောင်စီ ထိခိုက်သေဆုံးမှုကို တော့ အတည်မပြုနိုင်သေးဘူးလို့ ကလေး၊ ကဘော် CDF KKG ပြန်ကြားရေးတာဝန်ခံတစ်ဦးက ပြောပါတယ်။

"ထိတွေ့မှုမှာ နှစ်ဦးနှစ်ဖက်ထိခိုက်မှုတော့ ရှိတာပေါ့။ ကျွန်တော်တို့ KKG ကဆိုရင် အရင်နေ့ကလည်း တိုက်ပွဲမှာ ရဲဘော်တစ်ယောက် ထိမှန်ပြီးတော့ ကျဆုံးသွားတာရှိတယ်။ လက်ရှိ မြေပြင်အခြေအနေ မတည်ငြိမ်သေးတာ ကြောင့်ရော၊ စစ်တပ်က ထိုးစစ်ဆင်မှု တွေကြောင့် စစ်တပ်က သေတာကို အတည်မပြုနိုင်သေးဘူး"

ဒီတိုက်ခိုက်မှုတွေအပါအဝင် အရပ်သားတွေ ထိခိုက်သေဆုံးရတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီ ဘက်က ထုတ်ပြန်လာတာ မတွေ့ရသေးပါဘူး။ ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ကြိုးစားနေပေမယ့် ဒီနေ့ ညနေပိုင်းအထိ အဆက်အသွယ် မရသေးပါဘူး။

ကလေးမြို့မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလလောက်ကစလို့ ပြင်းထန်လာနေတဲ့ တိုက်ပွဲတွေကြောင့် နတ်မြောင်း၊ နတ်ချောင်း၊ ချောင်းဂွ၊ သံဖို၊ ရန်ကြီးအောင်၊ ဟဲလုပ်၊ ခွေကြိမ်၊ ဟားခါးလေး၊ နတ်နန်း၊ အောင်ချမ်းသာ စတဲ့ ကျေးရွာတွေက ဒေသခံ နှစ်သောင်းကျော်ဟာ မြို့ပေါ်ရပ်ကွက်နဲ့ တောတောင်တွေမှာ ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့ ဒုက္ခသည်အရေး အကူအညီပေး သူတွေက ပြောပါတယ်။

လက်ရှိမှာလည်း စစ်ကောင်စီတပ်က ကျေးရွာတွေမှာ တပ်စွဲပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ ပတ်သက်လို့ အင်အားအများအပြားနဲ့ တောနင်းရှာဖွေနေတာကြောင့် စစ်ရေးအခြေအနေ တင်းမာနေတယ်လို့လည်း ကလေး PDF တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။