စစ်ကိုင်းတိုင်း ကလေးမြို့၊ စက္ကန့်ရွာမှာ ဒီကနေ့ ဧပြီ ၁ ရက် နေ့လယ် ၁ နာရီခွဲဝန်းကျင် စစ်တပ်ဘက်ကပစ်တဲ့ လက်နက်ကြီး သုံးလုံး ကျရောက်ပေါက်ကွဲခဲ့လို့ နှစ်နှစ်အရွယ် ကလေးငယ် တစ်ဦးနဲ့ အသက် ၄၀ ကျော် အရွယ် အရပ်သား နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
တောင်ဖီတောင်ပေါ်မှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ ရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေတာလို့ ဒေသခံတွေက ဆိုပါတယ်။
ဒီကနေ့ ပစ်ခတ်တဲ့ လက်နက်ကြီး ကျည်ဟာ စက္ကန့်ရွာက အိမ်တစ်အိမ်ရဲ့ နံရံကို ထိမှန် ပေါက်ကွဲပြီး ကျည်စဟာ အိမ်ထဲမှာရှိတဲ့ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးကို ထိမှန် ဒဏ်ရာရရှိခဲ့တာပါ။ ပေါက်ကွဲမှုကြောင့် အိမ်ရှင် အမျိုးသားရဲ့ ညာဘက်ပေါင်နဲ့ အမျိုး သမီးရဲ့ လက်မောင်းတွေမှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒုတိယအကြိမ် ပေါက်ကွဲတဲ့ လက်နက်ကြီးကျည်ဟာ စက္ကန့်ရွာက နောက်ထပ် နေအိမ် တစ်လုံးရဲ့ ဝရန်တာနားမှာ ကျရောက်ပေါက်ကွဲခဲ့တာပါ။ အဲဒီပေါက်ကွဲမှုကြောင့် နှစ်နှစ် အရွယ် ကလေးတစ်ဦးရဲ့ ပေါင်ကို ကျည်စတွေ ထိမှန်ခဲ့ပါတယ်။
စက္ကန့်ရွာထဲ တတိယအကြိမ် ကျရောက်ပေါက်ကွဲတဲ့ လက်နက်ကြီး ကျည်ကတော့ လူမနေတဲ့ အိမ်ခေါင်မိုးပေါ် ကျခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
လက်နက်ကြီးပစ်ခတ်မှုအပေါ် ပြောဆိုချက်နဲ့ ပတ်သက်လို့ RFA က သီးခြားအတည်ပြုနိုင် ခြင်း မရှိသေးပါဘူး။ ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်း ထွန်းကို RFA က ဒီနေ့ ဆက်သွယ်နေပေမယ့် ညနေပိုင်းအထိ အကြောင်းမပြန်သေးပါဘူး။