ကလေးမြို့ ကင်းမွန်းခြုံရွာအနီး တိုက်ပွဲကြောင့် ဒေသခံတစ်ထောင်ကျော် ထွက်ပြေးရ

2022.07.23
ကလေးမြို့ ကင်းမွန်းခြုံရွာအနီး တိုက်ပွဲကြောင့် ဒေသခံတစ်ထောင်ကျော် ထွက်ပြေးရ စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲကြောင့် ထွက်ပြေးနေကြရသည့် ကင်းမွန်းခြုံရွာအား တွေ့ရစဉ်
Photo: CJ

ကလေးမြို့နယ် အရှေ့ပိုင်းဒေသဖြစ်တဲ့ ကင်မွန်းခြုံရွာအနီးမှာ ဇူလိုင်လ ၂၁ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ နှစ်ရက်တာ နှစ်ဖက်တိုက်ပွဲကြောင့် ဒေသခံတစ်ထောင်ကျော် ဘေးလွတ် ရာ ထွက်ပြေးနေရတယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေအကြား နှစ်ရက်ဆက်တိုက် တိုက်ပွဲကြောင့် အင်းကျော်၊ ဥရု၊ ဥယျာဉ်နဲ့ ကင်မွန်းခြုံရွာ စတဲ့ရွာတွေက ဒေသခံတစ် ထောင့်နှစ်ရာနီးပါး ထွက်ပြေးနေကြရတာပါ။

အင်အား ၁၀၀ နီးပါးရှိတဲ့ စစ်ကြောင်းဟာ မြစ်သာမြစ်အရှေ့ဘက်ခြမ်း ကျောက်ကာရွာ ကနေ စစ်ကြောင်းထိုးလာတာကြောင့် နှစ်ဖက်တိုက်ပွဲဖြစ်ခဲ့တာလို့ ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ပ.က.ဖ ကလေး) တာဝန်ရှိသူတစ်ဦးက RFA ကိုပြောပါတယ်။

"စစ်ကောင်စီစစ်ကြောင်းကတော့ မနေ့နေ့လယ်ကတည်းက ပြန်ဆုတ်သွားပြီ။ ညက အထိ လက်နက်ကြီးတွေနဲ့ ပစ်တယ်။ ကင်မွန်းခြုံရွာက နေအိမ်တစ်လုံးကို မီးရှို့သွား တယ်။ ကင်မွန်းခြုံရွာ အပါအဝင် လေးရွာလောက်က ဒေသခံ ၁၂၀၀ နီးပါး ထွက်ပြေး တိမ်းရှောင်နေရတယ်"

အဲဒီစစ်ကြောင်းဟာ ကလေးမြို့ အရှေ့ဘက်ခြမ်းက ဥယျာဉ်ရွာကို ပြန်ထွက်သွားပေမယ့် တိုက်ပွဲဖြစ်ခဲ့တဲ့ ကင်မွန်းခြုံရွာထဲက နေအိမ်တွေမှာ မြေမြှုပ်မိုင်းတွေ ဆင်ထားခဲ့တာ ကြောင့် ဒေသခံတွေအိမ်ပြန်ဖို့က လုံခြုံစိတ်ချမှု မရှိသေးဘူးလို့လည်း ဆိုပါတယ်။

ဒေသခံတွေဟာ လက်ရှိ ကလေးမြို့ပေါ်နဲ့ တိုက်ပွဲနဲ့လွတ်တဲ့ နီးစပ်ရာရွာတွေဘက် ထွက် ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နှစ်ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ (ပ.က.ဖ ကလေး) ဘက်က ပြောပေမယ့် RFA အနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်း မရှိပါဘူး။

စစ်တပ်ကအာဏာသိမ်းထားတဲ့ တစ်နှစ်ကျော်အတွင်း စစ်ကိုင်းတိုင်း ကလေးမြို့မှာ နှစ်ဖက်တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ ဒေသခံ ငါးသောင်းကျော်အထိ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။