ကမာရွတ်သတင်းဌာနကို ဝင်စီးနင်း၊ သတင်းသမားနှစ်ဦး ဖမ်းဆီးခံရ
2021.03.09
ရန်ကုန် ကမာရွတ်မြို့နယ်၊ စံရိပ်ငြိမ် ၆ လမ်းမှာရှိတဲ့ ကမာရွတ်သတင်းဌာန ရုံးခန်းကို ဒီနေ့ မတ်လ ၉ ရက်နေ့ လည် ၁ နာရီလောက်က စစ်သားနဲ့ အရပ်ဝတ်တွေ ဝင်ရောက်စီးနင်း ရှာဖွေသွားတယ်လို့ သတင်းဌာနတည်ထောင်သူတဦးဖြစ်တဲ့ ကိုဟံသာညိမ်းရဲ့ ညီမဖြစ်သူက RFA ကို အတည်ပြုပြောပါတယ်။
ဝင်ရောက်ရှာဖွေချိန်မှာရှိနေတဲ့ သတင်းဌာနတည်ထောင်သူတွေဖြစ်ကြတဲ့ အယ်ဒီတာချုပ် ကိုနေသန်မောင်နဲ့ ကိုဟံသာညိမ်းတို့ နှစ်ဦး မိသားစုနဲ့ အဆက်အသွယ်ပျက်နေတာကြောင့် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ယူဆရကြောင်း သူကပြောပါတယ်။
"ကမာရွတ်မတိုင်ခင်လည်း Myanmar Now ကို မနေ့က ဝင်စီးတယ်၊ ဒီနေ့ ကျမတို့ကို ဝင်စီးတယ်၊မီဒီယာတွေကို မကြိုက်လို့ကို လုပ်နေတာ၊ နောက်နေ့ ဘယ်မီဒီယာထပ်ဖမ်းခံရဦးမလဲဆိုတာ မသိနိုင်တဲ့ အခြေအနေဖြစ်နေတယ်။ ဒါသတင်းအမှောင်ချချင်တာ၊ ကျမတို့ကို ကမ္ဘာကြီးနဲ့ အဆက်အသွယ် ဖြတ်ချင်တာ" လို့ ကိုဟံသာရဲ့ ညီမဖြစ်သူက RFA ကို ပြောပါတယ်။
စစ်ကား ၇ စီးလောက်နဲ့လိုက်ပါလာတဲ့ စစ်သားနဲ့ အရပ်ဝတ်တွေဟာ ကမာရွတ်သတင်းဌာန ရုံးခန်းကို နှစ်နာရီလောက် ဝင်ရောက်ရှာဖွေခဲ့ပြီး သတင်းသမားနှစ်ဦးနဲ့ ရုံးပစ္စည်းတွေကို သိမ်းယူသွားတယ်လို့ ရုံးခန်းအနီးမှာရှိနေတဲ့ မျက်မြင်သက်သေတွေကပြောပါတယ်။
သတင်းဌာနကနေ ဘယ်ပစ္စည်းတွေ ယူသွားလဲဆိုတာကိုတော့ မသိရသေးပါဘူး။
ရန်ကုန် အနော်ရထားလမ်းနဲ့ ကုန်ဈေးတန်းလမ်းထောင့်မှာရှိတဲ့ Myanmar Now သတင်းစာတိုက်ကိုလည်း စစ်တပ်နဲ့ရဲက မနေ့က တံခါးရိုက်ချိုးဝင်ရောက်ပြီး ရုံးခန်းကိုဝင်ရောက်ရှာဖွေခဲ့သလို၊ ကွန်ပျူတာတွေနဲ့ ပစ္စည်းတွေလည်း ယူဆောင်သွားတယ်လို့ အယ်ဒီတာချုပ် ကိုဆွေဝင်းက RFA ကိုပြောပါတယ်။
ပြည်တွင်းအခြေစိုက် သတင်းဌာန ၅ ခုဖြစ်တဲ့ Mizzima၊ DVB၊ 7 Days၊ Myanmar Now နဲ့ ခေတ်သစ် သတင်းဌာနတို့ကိုလည်း ထုတ်ဝေခွင့် ပိတ်သိမ်းလိုက်တယ်လို့ မတ်လ ၈ ရက်နေ့ အာဏာသိမ်း စစ်ကောင်စီက ကြေညာထားပါတယ်။
DVB သတင်းဌာနကတော့ သတင်းထုတ်လွှင့်မှုတွေ ရပ်နားသွားမှာ မဟုတ်ကြောင်း ကြေညာထားပါတယ်။