ငါးရက်အတွင်း ကန့်ဘလူဒေသခံ လေးရာနီးပါး စစ်မှုထမ်းဖို့ ဖမ်းဆီးခံရ

RFA Burmese
2025.01.25
ငါးရက်အတွင်း ကန့်ဘလူဒေသခံ လေးရာနီးပါး စစ်မှုထမ်းဖို့  ဖမ်းဆီးခံရ ပျူစောထီးခေါင်းဆောင် မဘသ ဆရာတော် ဦးဝါသဝနှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။
Citizen Photo

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ မဘသဆရာတော် ဦးဝါသဝ ဦးဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့နဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ ဇန်နဝါရီလ ၂၀ ရက်ကနေ ဒီနေ့အထိ ငါးရက်အတွင်း အသက် ၁၈ နှစ်နဲ့ ၅၀ ကြားက အမျိုးသား လေးရာနီးပါး ဖမ်းဆီးခဲ့တယ်လို့ ကန့်ဘလူဒေသခံတွေက RFA ကို ပြောပါတယ်။

ကန့်ဘလူမြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာတွေအထိ စစ်ကြောင်းထိုး ဝင်ရောက်ပြီးနောက် ဒေသခံတွေကို လူအင်အား၊ လက်နက်အင်အားနဲ့ စစ်မှုထမ်းဖို့ ခြိမ်းခြောက်စုဆောင်းခဲ့တယ်လို့ ပြောပါတယ်။

ဦးဝါသဝ ဦးဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့နဲ့ စစ်ကောင်စီလက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေဟာ စစ်မှုထမ်းဖို့ စစ်ကောင်စီတပ်အတွက် အဓိက လူသစ်စုဆောင်းပေးနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကန့်ဘလူမြို့ခံတစ်ဦးက ပြောပါတယ်။

"မဘသဆရာတော် ဦးဝါသဝကလည်း သူ့ပြည်သူ့စစ်အတွက် တပ်သားသစ်တွေလိုက်ပြီး ကောက်တယ်။ ကွမ်းယာဝယ်စားတဲ့သူကနေ လက်ဖက်ရည်ဆိုင်ထဲအထိ လိုက်ပြီးကောက်တာ၊ ရှင်းရှင်းပြောရရင် ပေါ်တင် ပေါ်တာဆွဲတာပဲဗျာ၊ လမ်းပေါ်တွေ့လည်း ဆွဲတယ်၊ ကားပေါ်တွေ့လည်း ဆွဲတယ်၊ သူတို့ကို စစ်တပ်က လက်နက်အင်အားတွေ ပေးထားတော့ ဝါသဝကလည်း ဆွဲတယ်။ အခု မြို့ပေါ်က အုပ်ချုပ်ရေးမှူးတွေကလည်း စစ်တပ်အတွက် တစ်ရပ်ကွက်ကို တစ်လ လူခြောက်ယောက်နှုန်းနဲ့ စစ်မှုထမ်းဖို့ဆိုပြီး လူစုပေးရတယ်။ ငါးရက်အတွင်း လူငယ်တွေ ဖမ်းခံနေရတာ သုံးရာကျော်၊ လေးရာလောက်တော့ရှိပြီ"

စစ်မှုထမ်းဖို့အတွက် စုဆောင်းခံထားရတဲ့သူတွေကို ကန့်ဘလူမြို့ပေါ်က အမှတ် - ၆၀၀၆ တပ်ရင်းနဲ့ မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကို ပို့ကာ စစ်သင်တန်းပေးဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

ကန့်ဘလူမြို့မှာ ငါးရက်အတွင်း စစ်မှုထမ်းဖို့ ဒေသခံ လေးရာနီးပါး ဖမ်းဆီးခံရတယ်ဆိုတဲ့ ဒေသခံတွေရဲ့ ပြောဆိုချက်ကိုတော့ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်တာမျိုး မရှိသေးသလို စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံ မဖြေဆိုပါဘူး။

စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြောင့် လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ အမှုပေါင်း ၁၁၆၀ ရှိပြီး ဖမ်းဆီးခံရသူပေါင်း ၂၂,၇၆၅ ဦးရှိတယ်လို့ ဇန်နဝါရီ ၁ ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ထားပါတယ်။

လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ဗမာ့ရေးရာနဲ့ ပဋိပက္ခလေ့လာရေးအဖွဲ့ (BACS) ရဲ့ ၂ဝ၂၄ ခုနှစ် အောက်တိုဘာ ၁၉ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်မှုထမ်းအမှတ်စဉ် (၁) ကနေ (၅) အထိ စစ်သားစုဆောင်းခံရသူ နှစ်သောင်းကျော် (၂၁,ဝဝဝ) ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။