KNU ထိန်းချုပ်နယ်မြေမှာ ဇွန်လအတွင်း တိုက်ပွဲပေါင်း ၃၆၀ ကျော်ဖြစ်ပွား

2022.07.06
KNU ထိန်းချုပ်နယ်မြေမှာ ဇွန်လအတွင်း တိုက်ပွဲပေါင်း ၃၆၀ ကျော်ဖြစ်ပွား ဥကရစ်ထစခန်းကို ၂၀၂၂ ခုနှစ် ဇွန်လမှာ တွေ့ရစဥ်
Photo: Cobra Column
ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေတွေထဲမှာ ဇွန်လ တစ်လအတွင်း စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ် (KNLA) နဲ့ ပူးပေါင်းတပ်တို့ တိုက်ပွဲပေါင်း ၃၆၀ ကျော် ဖြစ်ပွားခဲ့တယ်လို့ ဇူလိုင်လ ၅ ရက် မနေ့က ထုတ်ပြန်ပါတယ်။
 
ကော်သူးလေ အုပ်ချုပ်နယ်မြေအတွင်း တိုက်ပွဲကြီး၊ တိုက်ပွဲငယ် စုစုပေါင်း ၃၆၅ ကြိမ်မှာ စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့်တပ် BGF တွေဘက်က ၄၁၀ ဦး သေဆုံးပြီး ၃၃၅ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
 
ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDO)နဲ့ ပူးပေါင်းတပ်ဖွဲ့တွေဘက်က ၁၇ ဦး သေဆုံးခဲ့ပြီး ၂၈ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
 
ဇွန်လအတွင်းမှာတော့ စခန်းသိမ်းတိုက်ပွဲတွေအပြင် ပြင်းထန်တဲ့တိုက်ပွဲတွေဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က လေကြောင်းတိုက်ခိုက်မှုတွေ အကြိမ်ကြိမ်ပြုလုပ်ခဲ့တယ်လို့ လက်ရှိစစ်မြေပြင်မှာ တိုက်ပွဲဝင်နေသူတစ်ဦးက ပြောပါတယ်။
 
“ဇွန်လအတွင်းမှာတော့ တိုက်ပွဲတွေက အများကြီးဖြစ်ခဲ့ကြတယ်။ နောက်ပြီး ပြင်းထန် တဲ့တိုက်ပွဲတွေများတယ်။ ဥပမာ - သေ့ဘောဘိုးစခန်းသိမ်းတိုက်ပွဲတွေဆို စစ်ကောင်စီ ဘက်က လေကြောင်းတွေနဲ့ပါ တိုက်ခိုက်ခဲ့တာ။ ဒါပေမဲ့ ကျနော်တို့ဘက်က အောင်မြင်မှု တွေရခဲ့တယ်။ ဝေါလေ ရဲစခန်းသိမ်းပွဲဆိုလည်း အောင်မြင်ခဲ့တယ်။ အခု ဥကရစ်ထ တိုက်ပွဲဆိုလည်း တော်တော်ပြင်းထန်တဲ့တိုက်ပွဲပဲ။ အခုထိ မပြီးသေးဘူး။ စစ်ကောင်စီ ဘက်ကလည်း လေကြောင်းတိုက်ခိုက်မှုလည်း အလွန်အကျွံ သုံးလာတယ်”
 
မြဝတီမြို့နယ် ဝေါလေဒေသ ဥကရစ်ထတိုက်ပွဲမှာတော့ စစ်ကောင်စီဘက်က လေကြောင်းပစ်ကူ အလွန်အကျွံ အသုံးပြုခဲ့ပြီး ဇွန်လ ၂၇ ရက်ကနေ ၃၀ ရက်ထိ လေးရက်အတွင်းမှာ လေကြောင်း တိုက်ခိုက်မှုပေါင်း ၉၄ ကြိမ် ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
 
နှစ်ဖက်ထိခိုက်သေဆုံးမှုတွေနဲ့ ပတ်သက်လို့ RFA က သီးခြားအတည်မပြုနိုင်သေးပါဘူး။
 
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ KNU ရဲ့ ထုတ်ပြန်ချက် ကိန်းဂဏန်း တွေဟာ မှန်ကန်မှုမရှိသလို အရပ်သားတွေအပေါ် ပစ်မှတ်ထားတာလည်းမရှိဘူးလို့ RFA ကို ယခင်က တုံ့ပြန်ထားပါတယ်။
 
ဇွန်လအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် သံဃာတော်တစ်ပါးနဲ့ ဒေသခံ ၁၁ ဦး သေဆုံးခဲ့ပြီး နောက်ထပ် သံဃာတော်တစ်ပါးနဲ့ ဒေသခံ ၁၄ ဦးတို့ ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ KNU က ဇူလိုင်လ ၄ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
 
ရပ်ရွာတွေအတွင်းနဲ့ လုပ်ငန်းတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်ခံရတာတွေကြောင့်လည်း ဘုန်းတော်ကြီးကျောင်း နှစ်ကျောင်း၊ စာသင်ကျောင်း နှစ်ကျောင်း၊ လူနေအိမ် ၇၅ လုံး ပျက်စီးခဲ့ပြီး နောက်ထပ် နေအိမ်ပေါင်း ၆၁ လုံး ကတော့ မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။