ပြည်သူထိခိုက်တဲ့စီမံကိန်းကို တိုင်းရင်းသားလက်နက်ကိုင်တွေ ကန့်ကွက်ကြဖို့ တောင်းဆို

RFA Burmese
2024.03.14
ပြည်သူထိခိုက်တဲ့စီမံကိန်းကို တိုင်းရင်းသားလက်နက်ကိုင်တွေ ကန့်ကွက်ကြဖို့ တောင်းဆို KNU ထိန်းချုပ်ရာ မူတြော်ခရိုင်တွင် ၂၀၂၄ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းများနေ့နှင့် ရေကာတာဆန့်ကျင်ရေးနေ့မှာ ဒေသခံဌာနေတိုင်းရင်းသားများ ကန့်ကွက်ဆန္ဒပြနေကြစဉ်။
Karen Youth Organization

တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့ ထိန်းချုပ်ရာနယ်မြေတွေမှာ ရေကာတာစီမံကိန်းတွေအပါအဝင် ပြည်သူလူထုထိခိုက်မဲ့ ဖွံ့ဖြိုးရေးစီမံကိန်းတွေကို လက်မခံဘဲ ပြည်သူတွေနဲ့အတူ ဆန့်ကျင်ကန့်ကွက်ဖို့ ကရင်မြစ်ချောင်းများစောင့်ကြည့်ရေးအဖွဲ့က မတ်လ ၁၄ ရက်နေ့က တောင်းဆိုလိုက်ပါတယ်။

မတ်လ ၁၄ နေ့မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းများနေ့နဲ့ ရေကာတာဆန့်ကျင်ရေးနေ့ အထိမ်းအမှတ်ကျင်းပပြီး အစုအဖွဲ့သုံးခုကို တောင်းဆိုခဲ့တာလို့ ကရင်မြစ်ချောင်းများစောင့်ကြည့်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စောအယ်ထီးကော်က ပြောပါတယ်။

"အဓိက အစုအဖွဲ့သုံးခုကိုတောင်းဆိုထားတာ၊ တိုင်းရင်းသားလက်နက်ကိုင် အစုအဖွဲ့ရှိမယ်၊ နောက်တစ်ခုက NUG ရှိမယ်၊ တတိယက နိုင်ငံတကာအဖွဲ့အစည်းရှိမှာပေါ့၊ တိုင်းရင်းသားလက်နက်ကိုင်တွေကို တောင်းဆိုတာက ပြည်သူလူထုဆန္ဒမပါတဲ့ သူတို့အုပ်ချုပ်ရာ ထိန်းချုပ်ရာနယ်မြေတွေမှာ အကောင်အထည်ဖော်ဆောင်ရွက်မဲ့ ရေကာတာစီမံကိန်းသော်လည်းကောင်း၊ အခြားသော ပြည်သူလူထုကို ဘေးအန္တရာယ်ဖြစ်မဲ့ စီမံကိန်းသော်လည်းကောင်း ဒါတွေကို လက်ခံခြင်းမပြုဖို့နဲ့ ပြည်သူနဲ့အတူပေါ့နော် ရပ်တည်ပြီးမှ လုပ်ဆောင်ဖို့၊ ကန့်ကွက်ဖို့ ကျွန်တော်တို့က တောင်းဆိုတာတွေ ရှိတယ်"

တိုင်းရင်းသားတွေရဲ့ သယံဇာတအရင်းအမြစ်တွေကို အမြတ်ထုတ်နေတဲ့ ဗဟိုထိန်းချုပ်ထားတဲ့စနစ်တွေကို သက်ဆိုးရှည်စေမဲ့ အာဏာရှင်စနစ်တိုက်ဖျက်ရေးနဲ့ တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေချုပ်ငြိမ်းပြီး ဗဟိုချုပ်ကိုင်မှုစနစ်မရှိဘဲ တိုင်းရင်းသားတွေကိုယ်တိုင်ဆုံးဖြတ်ခွင့်ရှိတဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကိုသာ ထည့်သွင်းစဉ်းစားဖို့ တောင်းဆိုထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရကိုလည်း ဌာနေတိုင်းရင်းသား အခွင့်အရေးတွေကို လေးစားလိုက်နာပြီး ဖက်ဒရယ်စနစ်သယံဇာတစီမံအုပ်ချုပ်မှုစနစ် အကောင်အထည်ဖော်ဆောင်ရွက်ဖို့အတွက် သင့်တော်တဲ့ မူဝါဒတွေ ထည့်သွင်းရေးဆွဲဖို့၊ စစ်တပ်အာဏာသိမ်းပြီးနောက် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွေကို နိုင်ငံတကာကို စည်းရုံးလှုံ့ဆော်ပြီး အရပ်ဖက်အဖွဲ့တွေနဲ့ ပူးပေါင်းလုပ်ဖို့ တောင်းဆိုထားပါတယ်။

ဒီတောင်းဆိုချက်နဲ့ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) တာဝန်ရှိသူတွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမဲ့ လက်တလော ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။

နိုင်ငံတကာအဖွဲ့တွေကိုလည်း ပတ်ဝန်းကျင်နဲ့ လူမှုဘဝထိခိုက်မှုနည်းတဲ့ အစိမ်းရောင်စွမ်းအင်စီမံကိန်းတွေကို တွန်းအားပေးလုပ်ဆောင်ဖို့နဲ့ မြန်မာနိုင်ငံမှာ လက်ရှိရင်ဆိုင်နေရတဲ့ စစ်ကောင်စီရဲ့လုပ်ရပ်တွေကြောင့် ထိခိုက်ခံစားရတဲ့ ပြည်သူတွေကို လူသားချင်းစာနာမှု အကူအညီတွေကို တိုင်းရင်းသားအရပ်ဖက်အဖွဲ့အစည်းတွေနဲ့အတူ ဆောင်ရွက်ဖို့လည်း တိုက်တွန်းထားပါတယ်။

ကရင်တိုင်းရင်းသားတွေအများစုနေထိုင်တဲ့ သံလွင်မြစ်ပေါ်မှာတည်ဆောက်မဲ့ ဟက်ကြီးရေကာတာစီမံကိန်းကို ဒေသခံတွေက ဆန့်ကျင်ကန့်ကွက်ခဲ့တာ အနှစ်နှစ်ဆယ်ရှိပြီလို့လည်း ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။