တိုက်ပွဲရပ်ဖို့ ကရင်အမျိုးသား အကြိုညီလာခံ မေတ္တာရပ်ခံ

0:00 / 0:00

ကရင်ပြည်နယ် ကော့ကရိတ်နဲ့ မြဝတီမြို့ကြားက အာရှလမ်းမကြီး အမှတ်-၂ မှာ အစိုးရတပ်မတော်နဲ့ DKBA ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားနေတာကို ရပ်တန့်ပေးဖို့ ရန်ကုန်မြို့မှာ ကျင်းပနေတဲ့ ကရင်အမျိုးသား အကြိုညီလာခံကနေ မေတ္တာရပ်ခံစာ ပေးပို့လိုက်ပါတယ်။

တိုက်ပွဲကိုရပ်တန့်ပေးဖို့ နှစ်ဖက်ခေါင်းဆောင်တွေကို မေတ္တာရပ်ခံစာပေးပို့ခဲ့တယ်လို့ ရန်ကုန်မြို့ မြန်မာကွန်ဗင်း ရှင်းစင်တာမှာ ကျင်းပတဲ့ညီလာခံကို တက်ရောက်ခဲ့တဲ့ ကရင်အမျိုးသားစည်းလုံးရေးနဲ့ ငြိမ်းချမ်းရေးကော်မတီ အဖွဲ့ဝင် ဒေါ်နန်းခင်အေးဦးက ပြောပါတယ်။

"အကြိုညီလာခံမှာက သဘောထားတွေ ထုတ်ပြန်ထားတယ်၊ ကရင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသော ပစ်ခတ်တိုက်ခိုက်မှုများသည် နိုင်ငံရေးဖြစ်စဉ်ကို ထိခိုက်မှုဖြစ်စေမည်ကို စိုးရိမ်ပူပန်ကြပါသဖြင့် ငြိမ်းချမ်းရေးရှေ့ဆက်ခရီးစဉ်အတွက် နှစ်ဦးနှစ်ဘက်ရှိ ခေါင်းဆောင်များမှ ပစ်ခတ်တိုက်ခိုက်မှုများကို ရပ်ခိုင်းပေးပါရန် မေတ္တာရပ်ခံစာများ ပေးပို့ခဲ့ပါသည်"

မြဝတီနဲ့ ကော့ကရိတ်မြို့ကြားမှာ DKBA နဲ့ အစိုးရတပ်တွေ ပြီးခဲ့တဲ့ ဇူလိုင်လ ၂ ရက်နေ့က တိုက်ပွဲဖြစ်ခဲ့တာဖြစ်ပြီး DKBA ဘက်က ထိခိုက်ဒဏ်ရာရတာတွေ ရှိတယ်လို့လည်းသိရပါတယ်။

ကရင်အမျိုးသား အကြိုညီလာခံကို ဇူလိုင်၂ ရက် နေ့ကနေ ၄ ရက်နေ့အထိ ၃ ရက် ကျင်းပခဲ့တာဖြစ်ပြီး ကရင် တိုင်းရင်းသားရေးရာ ဝန်ကြီးတွေ၊ ကရင်လက်နက်ကိုင် အဖွဲ့အစည်းတွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ ၅ဝဝ ကျော်တက်ရောက်ခဲ့ကြပါတယ်။

ညီလာခံမှာ ငြိမ်းချမ်းရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာကိစ္စတွေကို စာတမ်းတွေနဲ့ တင်ပြဆွေးနွေး ကြပါတယ်။ ဒီညီလာခံအပြီးမှာ ကြေညာချက် ၆ ချက်ကို ထုတ်ပြန်ခဲ့ပြီး ကရင်အမျိုးသား ညီလာခံကိုကျင်းပ ဖို့ ကော်မတီဖွဲ့စည်းခဲ့ပါတယ်။ ကရင်အမျိုးသားညီလာခံကို လာမယ့် ၂ဝ၁၆ ခုနှစ် နှစ်ဆန်းပိုင်းမှာ ကျင်းပသွား မယ်လို့ သိရပါတယ်။

ကရင်အမျိုးသားစည်းလုံးရေးနဲ့ ငြိမ်းချမ်းရေးကော်မတီအဖွဲ့ဝင် ဒေါ်နန်းခင်အေးဦးကို RFA သတင်းထောက် မဝေယံမိုးမြင့် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။