စစ်ရေးတင်းမာနေတဲ့ ဖာပွန်ခရိုင်မှာ ဒေသခံ ၃၀၀၀ ကျော် ထွက်ပြေး

စောညွန့်သောင်း
2020.12.31

ကရင်ပြည်နယ် ဖာပွန်ခရိုင် KNU တပ်မဟာ- ၅ ထိန်းချုပ်နယ်မြေဖြစ်တဲ့ မဲဝိုင်ဒေသမှာ လတ်တလော တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် သထုံခရိုင် KNU တပ်မဟာ- ၁ ဘက် ထိန်းချုပ်နယ်မြေတွေမှာလည်း နယ်ခြားစောင့်တပ် BGF နဲ့ အစိုးရရပ်က အင်အား လာရောက်ဖြည့်တင်းမှုတွေအပေါ် KNU နဲ့ တပ်မတော်အကြား စစ်ရေးတင်းမာနေပါတယ်။

အခုလို စစ်ရေးတင်းမာနေတာတွေကြောင့် ဖာပွန်ခရိုင်အတွင်းက ကျေးရွာတွေက ဒေသခံ သုံးထောင်ကျော်ဟာ တိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့တဲ့ ဒီဇင်ဘာ လဆန်းပိုင်းလောက်ကတည်းက ထွက်ပြေးနေရတယ်လို့ ကရင်လူငယ်ကွန်ရက် (KYN) က ပြောပါတယ်။

ဌာနေပြည်သူတွေက တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားလာမှာ စိုးရိမ်ပြီး ထွက်ပြေးတိမ်းရှောင် နေကြရတယ်လို့ လုံခြုံရေးကြောင့် အမည်မဖော်လိုသူ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“BGF နဲ့ဗမာစစ်တပ်နဲ့ ဟိုဘက်က တိုင်တိရွာက တပ်အင်အား လာဖြည့်ထားတာပေါ့။ အင်အားကတစ်ရာကျော်တယ်။ အခုတောင်မှ ငါတို့ယောကျာ်းလေးတွေဆိုရင် ထွက်ပြေးကြကုန်ပြီ။ အိမ်မှာက အမျိုးသမီးတွေနဲ့ ကလေးတွေနဲ့ပဲ ကျန်တော့တာပေါ့။ ပစ်တာတွေခတ်တာတွေ ဖြစ်လာနိုင်တာပေါ့။ တပ်မဟာ- ၁ ကနေ ညှိနှိုင်းဖို့ အဆင်မပြေကြရင်တော့ ကျနော့်အထင် ပစ်ခတ်မှုတွေ ဖြစ်လာနိုင်ပါတယ်”

အဆိုပါ ကျေးရွာတွေမှာနေထိုင်ကြတဲ့ အမျိုးသားတွေဟာ မိမိတို့နဲ့ နီးစပ်ရာဒေသတွေမှာ ထွက်ပြေးတိမ်းရှောင်နေကြပြီး အမျိုးသမီးနဲ့ ကလေးငယ်တွေသာ ကျန်ရစ်နေကြရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့သူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“ရွာသားတွေရဲ့ အခြေအနေတွေကတော့ အရင်တွေကထက် တိတ်တိတ်ဆိတ်ဆိတ် ထိန်းထိန်းသိမ်းသိမ်း နေကြတဲ့ သဘောတော့ရှိတယ်။ ရွာသားတချို့က ထွက်ပြေးကြတယ်။ ကျိုက်ကော်တို့ ဘက်ခြမ်းတွေမှာ ထွက်ပြေးကြတဲ့သူတွေလည်းရှိတယ်။ ဝေးဝေးရှောင်တဲ့သူလည်းရှိတယ်။ နီးနီးနားနားရှောင်တဲ့သူတွေ လည်းရှိတယ် အဲလိုသဘောမျိုးပေါ့။ ညဘက်ဆိုရင်တော့ တိတ်ဆိတ်နေရောပဲ။ ရွာသားတွေရဲ့ စိုးရိမ်ပူပန်မှုတွေကတော့ မိုးချုပ်ပြီဆိုရင် ကျင်းပုန်းထဲမှာ အချိန်မှီဝင်နိုင်ဖို့အတွက် အိမ်အောက်တွေမှာပဲ အိပ်ကြရတာပေါ့။ အိမ်ပေါ်တွေမှာ မအိပ်ရဲကြဘူး၊ အားလုံးနီးပါး စိုးရိမ်နေကြရပါတယ်”

သထုံခရိုင် KNU တပ်မဟာ- ၁ နဲ့ အစိုးရတပ်မတော်အကြား စစ်ရေးတင်းမာမှုတွေ ဖြစ်ပေါ်လာတာဟာ မဲဝိုင်တိုက်ပွဲနဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (NCA ) အရ KNU ထိန်းချုပ်နယ်မြေတွေမှာ အစိုးရတပ်တွေ ပြန်လည် ဆုတ်ခွာပေးဖို့ကိစ္စတွေနဲ့လည်း ဆက်စပ်နေပါတယ်။

ဒီကိစ္စအပေါ် နှစ်ဦးနှစ်ဘက် ထိပ်ပိုင်းခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးနေဆဲဖြစ်ပြီး လက်ရှိအချိန်မှာတော့ တစ်ဘက်နဲ့တစ်ဘက် စောင့်ကြည့်နေကြဆဲဖြစ်တယ်လို့ KNU တပ်မဟာ-၁ က ဗိုလ်မှူး စောကျော်မြင့် က RFA ကိုပြောပါတယ်။

“စစ်တပ်က ဆုတ်ခွာပေးသင့်တာပေါ့နော်။ မဆုတ်ခွာပေးဘူး ဆိုလိုရှိရင်တော့ အခြေအနေကတော့ တစ်မျိုး ဖြစ်သွားနိုင်တာပေါ့နော်။ ဘယ်လိုတွေ ဆက်ဖြစ်လာဦးမလဲဆိုတာက စောင့်ကြည့်ရဦးမယ်။ ကျနော်တို့က တစ်ဘက်က ဗဟိုရဲ့ညွန်ကြားချက်နဲ့ပဲ ဆက်သွားမယ်”

အလားတူ ဖာပွန်ခရိုင် မဲဝိုင်ဒေသမှာလည်း တိုက်ပွဲတွေ မကြာခဏဆိုသလို ဆက်လက်ဖြစ်ပွားနေဆဲပါ။ ဒီပြဿနာကို ထိပ်ပိုင်းအရာရှိတွေ တွေ့ဆုံညှိနှိုင်းမှုနဲ့သာ ဖြေရှင်းလို့ရနိုင်မယ်လို့ KNU တပ်မဟာ- ၅ ဆက်ဆံရေးတာဝန်ခံ ဗိုလ်မှူးစောအဲ့ဒိုထူး က ပြောပါတယ်။

“အခုလက်ရှိအခြေအနေကတော့ တိုက်ပွဲက ကြိုကြားကြိုကြားတော့ ရှိနေသေးတယ်။ ကျနော်တို့ ညှိနှိုင်းဖြေရှင်းလို့လည်းမရသေးဘူး။ ညှိနှိုင်းနေတုန်းပဲ။ ဒေသခံတွေကတော့ မဲဝိုင်းကနေအပြင်တွေမှာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ တကယ်လို့များ ကျနော်တို့တွေ တပ်မတော် ထိပ်ပိုင်းအရာရှိတွေနဲ့ ကျနော်တို့ဘက်က ထိပ်ပိုင်းအရာရှိတွေ တွေ့ဆုံပြီးတော့ ဒါတွေကို ညှိနှိုင်းဖြေရှင်းရရင် ရနိုင်မယ်လို့ ကျနော်တို့က မျှော်လင့်ထားတာပေါ့နော်”

ကရင်ပြည်နယ်၊ ဖာပွန်ဒေသမှာ ဖြစ်ပွားနေတဲ့ မြန်မာ့တပ်မတော်က စစ်ရေးတိုးချဲ့လှုပ်ရှားမှုတွေနဲ့ စစ်ပွဲပဋိပက္ခတွေ၊ ကရင်လူမျိုးတွေနေထိုင်တဲ့ ဒေသတွေမှာ နယ်မြေကျူးကျော် အင်အားသုံးတိုက်ပွဲတွေ ဖန်တီးတာတွေကြောင့် ငြိမ်းချမ်းရေးဖြစ်စဉ် နောက်ကြောင်းပြန်စေနိုင်တဲ့ ကိစ္စရပ်တွေဟာ လက်ရှိအာဏာရ NLD အစိုးရနဲ့ မြန်မာ့တပ်မတော်ရဲ့ တာဝန်သာဖြစ်တယ်လို့ ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ ကရင်လူငယ်ကွန်ရက် (KYN) က ထုတ်ပြန်ကြေညာထားပါတယ်။

နောက်အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုကြီးရဲ့ ငြိမ်းချမ်းခြင်းနဲ့ သာယာဝပြောခြင်း ဖြစ်ပေါ်လာဖို့အတွက် အဏာရအစိုးရနဲ့ တပ်မတော်တွေနဲ့ တိုက်ရိုက်ဆက်စပ်နေပါတယ်လို့လည်း အဲဒီ သဘောထား ရပ်တည်ချက် ကြေညာစာတမ်းမှာ ဖော်ပြထားပါတယ်။

အခုလို စစ်ရေးပဋိပက္ခတွေနဲ့ ပတ်သက်ပြီး အစိုးရအနေနဲ့ ဟန့်တားပေးဖို့ KYN အဖွဲ့ဝင် စောကျော်လင်းဦးက RFA ကို အခုလို ပြောပါတယ်။

“တကယ်လို့ ဒီဟာကို မဟန့်တား မလုပ်ဆောင်ဘူး ဆိုလို့ရှိရင် ထိခိုက်စရာရှိတာက ဌာနေပြည်သူတွေပဲ။ အဲဒီထဲမှာ ကရင်ပြည်သူလူထုတွေက အများစုပဲဖြစ်တယ်။ ကရင်လူထုတွေက ဒီစစ်ဒဏ်ကိုခံလာရတာ နှစ်ပေါင်း ၇၀ ကျော် ၈၀ နား ကပ်လာပြီးဆိုတော့ လွတ်လပ်ရေးရပြီးခါစက စပြီး ခံလာရတယ်ဆိုတော့လေ ဒီအပေါ်မှာ ကျနော်တို့ယုံကြည်တာက ကရင်လူထုတွေလည်း စစ်ကို မလိုလားဘူး၊ အဲဒါကြောင့် ကျနော်လည်းတဆင့်ချင်း တဆင့်ချင်းနဲ့ နည်းလမ်းအမျိုးမျိုးနဲ့ ကျနော်တို့ လုပ်သွားမှာပေါ့နော်”

နှစ်ဖက်တပ်တွေ ပြောဆိုဆွေးနွေးကြဖို့တိုက်တွန်းကြောင်း ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေး အဖွဲ့က အရပ်ဘက်ကိုယ်စားလှယ် နန်းဆေးအွာက ပြောပါတယ်။

“သူတို့ကို စိတ်ပူနေကြတာ အမှန်ပါ။ အမတို့လည်း သူတို့အတွက်တွေကိုလည်း ကိုယ်ချင်းစာပါတယ်။ ဒါပေမဲ့ JMC ရဲ့ လုပ်ကိုင်ခွင့်ကတော့ ပြောရမယ်ဆိုရင် အရပ်သားအနေနဲ့လေ၊ JMC က တကယ့်ကို လုပ်ကိုင်ခွင့်ရှိပြီး ညှိနှိုင်းဆွေးနွေးပြီး လုပ်ဆောင်ရမှာက နှစ်ဖက်တပ်တွေပေါ့နော်”

ဖာပွန်ခရိုင်အတွင်း KNU နဲ့ အခုလို စစ်ရေးပဋိပက္ခ ဖြစ်ပွားတာနဲ့ ပတ်သက်ပြီး တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်ချုပ် ဇော်မင်းထွန်းက မနေ့က နေပြည်တော်မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလိုပြောထားပါတယ်။

"နှစ်ဖက်ခေါင်းဆောင်တွေ တရားဝင်ဆွေးနွေးပွဲကနေတစ်ဆင့် ညှိနှိုင်းဆောင်ရွက်ပေးမှာဖြစ်တယ်၊ KNU ဗဟိုနဲ့ တပ်မတော်နဲ့ လက်တွဲဆောင်ရွက်နေတဲ့ ထာဝရငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ သွေဖယ်လျက်ရှိတဲ့ အတွက်ကြောင့် လက်အောက်တပ်ဖွဲ့ဝင်တွေကို ထိန်းသိမ်းပြီး ကြပ်မတ်ပေးဖို့ KNU ဗဟိုကို တပ်မတော် အနေနဲ့ အကြောင်းကြားထားတယ်၊ တွေ့ဆုံတဲ့အခါမှာ ဖြေရှင်းသွားနိုင်လိမ့်မယ်လို့ပဲ မျှော်လင့်ပါတယ်’’

အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ KNU နဲ့ တပ်မတော်တို့ အခုလို စစ်ရေးပဋိပက္ခဖြစ်ပွားနေတာဟာ ငြိမ်းချမ်းရေးအတွက် ထိခိုက်နိုင်တယ်လို့ ငြိမ်းချမ်းရေးနဲ့လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျု (MIPS) က အမှုဆောင်ဒါရိုက်တာ ဒေါက်တာမင်းဇော်ဦး က သုံးသပ်ပြောပါတယ်။

"တိုက်ပွဲဖြစ်လာရင်တော့ ငြိမ်းချမ်းရေးကို ထိခိုက်တာပဲ၊ ယုံကြည်မှု အားနည်းလာပြီ ဆိုလို့ရှိရင်။ တစ်ဘက်နဲ့တစ်ဘက်ကြားထဲမှာ တိုက်ပွဲတွေ ဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ ဒဏ်ရာရလာတဲ့သူတွေလည်း ရှိလာတယ်။ အဲဒီတိုက်ပွဲရှိတဲ့ဒေသတွေမှာ ပြည်သူလူထုတွေကလည်း ပြေးရလွှားရတဲ့ဟာတွေ ဖြစ်လာတယ်။ သေကျေဆုံးရှုံးမှုတွေ ဖြစ်လာတဲ့အခါမှာ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေမှာလည်း လူထုတွေဘက်မှာလည်း မယုံမကြည် ဖြစ်လာပါတယ်။ ပြောရမယ် ဆိုလို့ရှိရင်တော့ တိုက်ပွဲဖြစ်တာက ငြိမ်းချမ်းရေးကို ထိခိုက်နိုင်ပါတယ်"

ဒီဇင်ဘာလ ၃၀ ရက်နေ့မနက်ပိုင်းကလည်း ဖာပွန်ခရိုင် လူသောဒေသမှာ ဌာနေ ကရင်တိုင်းရင်းသား တစ်သောင်းကျော်တို့က မိမိတို့ဒေသအတွင်းက အစိုးရတပ်စခန်းတွေ ပြန်လည်ရုပ်သိမ်းပေးဖို့ တောင်းဆို ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။