ကရင်နဲ့ ကယားက စစ်ဘေးဒုက္ခသည်တွေရဲ့ နေအိမ် ရှစ်ဆယ်ကျော် ရေထဲမျောပါ
2024.09.12
ကရင်နဲ့ ကယားပြည်နယ်အတွင်းမှာ မိုးများပြီး ရေကြီးရေလျှံ ဖြစ်လာတာကြေင့် စစ်ဘေးဒုက္ခသည်စခန်း ခြောက်ခုက နေအိမ် ရှစ်ဆယ်ကျော် ရေထဲမျောပါသွားပြီး ရေဘေးကြုံနေရသလို အကူအညီတွေလည်း လိုအပ်နေတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။
စက်တင်ဘာ ၁၁ ရက်နေ့က ကယားပြည်နယ် ဒီးမောဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှာရှိတဲ့ စစ်ဘေးဒုက္ခသည် စခန်းငါးခုက အိမ်ခြေ ခုနစ်ဆယ်ကျော် ရေနစ်မြုပ် မျောပါသွားသလို စက်တင်ဘာ ၁၂ ရက်နေ့ ဒီနေ့မနက်ပိုင်းမှာ တော့ ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်က ယာဒို ဒုက္ခသည်စခန်းက နေအိမ်ဆယ်လုံးကျော် ရေထဲမျောပါ သွားတယ်လို့ ဆိုပါတယ်။
ရာဂီမုန်တိုင်း အရှိန်ကြောင့် စက်တင်ဘာလ ၉ ရက်နေ့ကစပြီး သုံးရက်ဆက်တိုက် မိုးများပြီး တောင်ကျ ချောင်းရေ မြင့်တက်လာတာကြောင့် စစ်ဘေးဒုက္ခသည်တွေရဲ့ နေအိမ်တွေ နစ်မြုပ်ကုန်တာပါ။
ရေဘေးကြုံနေရတဲ့ စစ်ဘေးဒုက္ခသည်တွေအတွက် နေရာထိုင်ခင်းတွေ လတ်တလော အကူအညီ လိုအပ်နေ တယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ အတွင်းရေးမှူး (၂) ကိုဗညားက RFA ကို ပြောပါတယ်။
“သူတို့အတွက် နေအိမ်ပြန်ဆောက်ဖို့ သစ်၊ ဝါး၊ အမိုးအကာတွေလိုမယ်။ ပြီးတော့ အိုးခွက်ပန်းကန်၊ စောင်၊ အဝတ်အထည်တွေနဲ့ စားနပ်ရိက္ခာတွေလည်း လိုအပ်နေတယ်"
လတ်တလော အခြေအနေအရ ရေအနည်းငယ်ပြန်ကျသွားပေမဲ့ ဒုက္ခသည်တွေရဲ့ အသေးစိတ်အခြေအနေကို စာရင်းကောက်ယူနေဆဲ ဖြစ်တာကြောင့် ဒုက္ခသည် ဘယ်နှဦး ရေဘေးကြုံနေရလဲဆိုတာကို မသိရသေးဘူးလို့ ပြောပါတယ်။
စစ်ဘေးဒုက္ခသည်တွေ ရေဘေးကြုံနေရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ကရင်နဲ့ ကယားပြည်နယ် ပြောခွင့်ရသူတွေကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
ဒါ့အပြင် ရာဂီမုန်တိုင်းအရှိန်ကြောင့် မိုးများပြီး သောင်ရင်းမြစ်ရေ မြင့်တက်လာလို့ ကရင်ပြည်နယ်၊ မြဝတီမြို့နဲ့ ထိုင်းနိုင်ငံ မဲဆောက်မြို့တို့မှာ ရေကြီးရေလျှံနေသလို စစ်ဘေးဒုက္ခသည်စခန်း လေးခုက ဒုက္ခသည်ခြောက်ထောင် ကျော်လည်း ရေဘေးကြုံနေရပါတယ်။
နိုင်ငံတစ်ဝန်းမှာ ပြီးခဲ့တဲ့လတွေအတွင်းမှာ ရေကြီးရေလျှံမှုကြောင့် လူဦးရေ လေးသိန်းနီးပါး (၃၉၃,၀၀၀)ခန့် ရေဘေးသင့်ခဲ့တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ဩဂုတ်လ ၁၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။