ပြည်နယ်ဖွံ့ဖြိုးရေး အမြော်အမြင်ရှိဖို့ ကရင်ခေါင်းဆောင်တွေကို ဒေါ်အောင်ဆန်းစုကြည်ပြော

နေမျိုးထွန်း
2021-01-13
Share
ပြည်နယ်ဖွံ့ဖြိုးရေး အမြော်အမြင်ရှိဖို့ ကရင်ခေါင်းဆောင်တွေကို ဒေါ်အောင်ဆန်းစုကြည်ပြော ကရင်သက္ကရာဇ် ၂၇၆၀ ခုနှစ် ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားကို ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ် ကစိုကျေးရွာမှာ ၂၀၂၁ ဇန်နဝါရီ ၁၃ ရက်နေ့ကကျင်းပစဉ်
Photo: KYN ကရင်လူငယ်ကွန်ယက်
၂၀၃၀ ပြည့်နှစ်မှာ ကရင်ပြည်နယ်ကို ဘယ်အနေအထားမျိုး၊ ဘယ်အဆင့်အတန်းမျိုးနဲ့ မြင်ချင်လဲ ဆိုတဲ့ မေးခွန်းကို လက်ရှိ ပြည်နယ်တာဝန်ရှိသူတွေ၊ အဖွဲ့အစည်းအသီးသီးက ခေါင်းဆောင်တွေရဲ့ အမြော်အမြင်နဲ့ စိတ်ပိုင်းဖြတ်ချက်တွေက အဖြေပေးသွားမှာပဲလို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။
 
ဇန်နဝါရီလ ၁၃ ရက်နေ့ ဒီနေ့ ကျရောက်တဲ့ ကရင်နှစ်သစ်ကူးနေ့ကို ပေးပို့တဲ့ သဝဏ်လွှာမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ထည့်သွင်းပြောခဲ့တာပါ။
 
လက်ရှိ တာဝန်ရှိတဲ့ ခေါင်းဆောင်တွေရဲ့ ဆုံးဖြတ်ဆောင်ရွက်ချက်တွေဟာ မျိုးဆက်သစ်လူငယ်တွေအပေါ် ထားတဲ့ စေတနာမေတ္တာနဲ့ မျှော်မှန်းချက်ဖြစ်ပြီး အဲဒါကို လာမယ့် ၂၀၃၀ ပြည့်နှစ်မှာ ထင်ထင်ရှားရှား တွေ့မြင်ရမယ်လို့ သူက ဆိုပါတယ်။
 
လာမယ့် ၂၀၃၀ ပြည်နှစ်မှာ ကရင်ပြည်နယ်ဟာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး ရပြီးဖြစ်လို့ ခရီးသွားလုပ်ငန်းရဲ့ ဗဟိုချက်တစ်ခု၊ ခေတ်မီ နယ်စပ်ကုန်သွယ်ရေးဇုန်၊ အထူးစိုက်ပျိုးရေးဇုန်နဲ့ အထူးစက်မှုဇုန်နဲ့ အထူးစီးပွားရေးဇုန်ကြီးတွေနဲ့ ဖြစ်နေတာကို သူ့အနေနဲ့ မြင်လိုတယ်လို့လည်း ပြောပါတယ်။
 
ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးကို ကတိပြုလိုက်တာကြောင့် ပဋိပက္ခတွေကြောင့် မရရှိခဲ့တဲ့ အခွင့်အလမ်းတွေ ပိုရှိလာတယ်လို့ ဆိုပါတယ်။
 
ကရင်ပြည်နယ်ဟာ နယ်စပ်ကုန်သွယ်ရေး အချက်အချာကျတဲ့ ဒေသတစ်ခု ဖြစ်သလို သဘာဝ အလှတရားတွေရှိလို့ ခရီးသွားလုပ်ငန်းအတွက် နေရာကောင်းဖြစ်တဲ့အပြင် အာဆီယံ အရှေ့-အနောက် စီးပွားရေးစင်္ကြန်ပေါ်မှာ ရှိတာကြောင့် ကဏ္ဍစုံ တိုးတက်မှု အလားအလာကောင်းတွေ စုစည်းနေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ကရင်ပြည်နယ်နဲ့ မျိုးဆက်သစ်လူငယ်တွေအတွက် ငြိမ်းချမ်းရေးကို လက်ရှိထက်ပိုမိုပြီး ပူးပေါင်းဆောင်ရွက်ဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောလိုက်ပါတယ်။
 
လတ်တလောမှာတော့ ကရင်ပြည်နယ် ဖာပွန်ခရိုင်မှာ တပ်မတော်နဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) တို့ကြား စစ်ရေးတင်းမာနေတဲ့အတွက် ဒေသခံတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြပါတယ်။ လောလောဆယ် ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်မှာ တပ်မတော်နဲ့ KNU တပ်မဟာ-၃ အကြား တိုက်ပွဲကြောင့် ဒေသခံ ၆၀၀ နီးပါး ထွက်ပြေးနေကြပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့