ကရင်ပြည်နယ်မှာ အာဏာသိမ်း တစ်နှစ်တာကာလအတွင်း စစ်ဘေးဒုက္ခသည် ခုနစ် သောင်းကျော်အထိ တိုးလာနေတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဖေဖော်ဝါရီလ ၈ ရက် မနေ့က ထုတ်ပြန်ပါတယ်။
ဒုက္ခသည်တွေဟာ ဒူးသထူးခရိုင်၊ ညောင်လေးပင်ခရိုင်၊ ဘိတ်ထားဝယ်ခရိုင်၊ မူတြော်ခရိုင်နဲ့ ဒူးပလာယာခရိုင် အတွင်းမှာ အများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီနယ်မြေတွေမှာ စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားမှုတွေနဲ့ လေယဉ်နဲ့ တိုက်ခိုက် မှုတွေကြောင့် ရွာလုံးကျွတ် ထွက်ပြေး နေကြရတာတွေလည်း ရှိတယ်လို့ KNU ကရင် အမျိုးသား အစည်းအရုံးဗဟိုကော်မတီက နိုင်ငံခြားရေးတာဝန်ခံ ပဒိုစောတောနီးက RFA ကို ပြောပါတယ်။
"အာဏာမသိမ်းခင် နှစ်လ သုံးလမှာကို တပ်မဟာ (၃) ဘက်မှာ စစ်တပ်ကနေပြီးတော့ ကျနော်တို့ နယ်မြေထဲကို လမ်းပေါက်တာ ကြားဖူးမှာပေါ့။ အဲမှာကလည်း တိုက်ပွဲ စဖြစ်ပြီးတော့ အာဏာမသိမ်းခင် နှစ်လသုံးလမှာထဲက လူဦးရေ ငါးထောင် လောက်က ပြေးနေရတာရှိတယ်။ အရင်တည်းကစတာ အာဏာသိမ်းပြီး တိုက်ပွဲက တောက်လျှောက် ဖြစ်လာတော့ တစ်လ နှစ်လအတွင်းမှာ တပ်မဟာ (၅) ဘက်မှာ စခန်းသိမ်းလာတာတွေ ရှိတယ်။ နောက်ပြီးတော့ လေယဉ်နဲ့ ဗုံးကြဲချလာတယ်။ တိုက်ပွဲက ကြိုကြားကြိုကြား နေ့တိုင်းကိုဖြစ်တာပဲ။ တိုက်ပွဲ ဖြစ်တိုင်းမှာ သူတို့က ရွာသားတွေကို လက်နက်ကြီးနဲ့ ပြန်ပြီးထုတယ်။ အဒါတွေက အမြဲတမ်းရှိနေတဲ့ အခါကျတော့ ရွာသားတွေက စစ်ရှောင်ဦးရေက တိုးပြီးရင်း တိုးလာတယ်လေ။ နောက်ဆုံးကျတော့ ၂၀၂၁ ဒီဇင်ဘာ လေးကေ့ကော် တိုက်ပွဲဖြစ်လာတော့ ပိုဆိုးသွားတာပေါ့ "
အခုဆိုရင် ကရင်ပြည်နယ်မှာ အာဏာမသိမ်းခင်နဲ့ သိမ်းပြီးနောက် ဒုက္ခသည် အရေအတွက် စုစုပေါင်းဟာ နှစ်သိန်းကျော်အထိ ရှိနေပြီလို့ သူကပြောပါတယ်။
ဒုက္ခသည်တွေဟာ ဒေသတွင်းမှာ တိုက်ပွဲနဲ့ ဝေးရာကို ထွက်ပြေးတိမ်းရှောင် နေကြရတာ ရှိသလို ထိုင်းမြန်မာ နယ်စပ်က သောင်ရင်းမြစ်ကမ်း တစ်လျှောက်မှာ ဖြစ်သလို နေထိုင် နေကြရတာလည်း ရှိပါတယ်။
ကနဦး ခိုလှုံခွင့်ရခဲ့တဲ့ ထိုင်းနိုင်ငံဘက်ခြမ်းက ဒုက္ခသည်စခန်းကို ပိတ်လိုက်တာကြောင့် ဒုက္ခသည်တွေဟာ ပိုအခက်တွေ့နေကြရတယ်လို့ အချိန် သုံးလကြာ ထွက်ပြေး တိမ်းရှောင် နေရတဲ့ ဒုက္ခသည်တစ်ဦးကပြောပါတယ်။
"အခုလောလောဆယ် ကတော့နော် နေရာထိုင်ခင်း အခက်အခဲရှိတယ်။ ဘာလို့လဲ ဆိုတော့ ထိုင်းဘက်အခြမ်းက ဒုက္ခသည်စခန်းက ပိတ်လိုက်ပြီဆိုတော့ အကုန်လုံးက နီးစပ်ရာအိမ်တွေ သောင်ရင်းမြစ်ကမ်းဘေးက မြန်မာအခြမ်းမှာပဲ ဖြစ်သလို နေနေ ရတယ်။ မိုးကလည်း အရမ်းရွာတော့ နေရာထိုင်ခင်း အခက်အခဲက တော်တော်ရှိပါတယ်။ မိုးကရွာတော့ အောက်ကရေတွေနဲ့ အခင်းတွေကို ရေတွေစိုတော့ သက်ကြီးရွယ်အိုတွေ အတွက် အဆင်မပြေဘူး။ ရာသီဥတုက အေးနေတာဆိုတော့"
နေရာထိုင်ခင်း အခက်အခဲကြောင့် ဒုက္ခသည် အမျိုးသမီးတွေအနေနဲ့ စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုအပြင် တခြားကျန်းမာရေး ပြဿနာတွေနဲ့ပါ ရင်ဆိုင်နေကြရတယ်လို့ သူက ပြောပါတယ်။
ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေကို ကူညီထောက်ပံ့ရေး လမ်းကြောင်း တွေမှာ စစ်ကောင်စီတပ်က ရှိနေတာကြောင့် ခက်ခက်ခဲခဲ သယ်နေရတယ်လို့ ဒုက္ခသည်အရေး ကူညီနေသူတစ်ဦးက ပြောပါတယ်။

"ကျနော်တို့ တော်တော်လေး ရှောင်ရှားပြီး ကူညီနေရတဲ့ အခြေအနေပေါ့နော်။ စစ်ရှောင်အနေနဲ့ အမည်ဖော်လိုက်ခြင်းအားဖြင့် မကျေနပ်တဲ့သူတွေက အမျိုးမျိုး တားဆီးပိတ်ပင်မှုတွေရှိတာပေါ့။ တော်တော်လေးတော့ ပြည့်စုံမှု မရှိပါဘူး။ စားသောက်ကုန်ကိုပဲ ဦးစားပေးတဲ့သဘောပါ။ အဟာရပြည့်ဝတဲ့ အစားအသောက်တွေ သူတို့မစားနိုင်ဘူး။ ဆေးဝါးပိုင်းလည်း ကူညီထောက်ပံ့မှု နည်းတဲ့အခါကျတော့ နီးစပ်ရော ဆေးရုံ၊ ဆေးခန်းနဲ့ ဆရာ၊ ဆရာမတွေဆီ ကျန်းမာရေးလုပ်သားတွေဆီကို ကျန်းမာရေးစောင့်ရှာက်မှု ပေးနိုင်တာပေါ့"
ဒုက္ခသည်တွေ လက်ရှိကြုံနေရတဲ့ အခြေအနေဟာ နှစ်ပေါင်း ၇၀ ကျော်အတွင်းမှာ အစိုးရိမ်ရဆုံး ဖြစ်တယ်လို့လည်း သူကဆိုပါတယ်။
"မိုးကလည်း အရမ်းရွာတော့ နေရာထိုင်ခင်း အခက်အခဲက တော်တော်ရှိပါတယ်။"
ဒုက္ခသည်တွေရဲ့ အခြေအနေနဲ့ ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီရဲ့ပြောခွင့်ရ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဒီနေ့ ဖုန်းနဲ့ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် အကြောင်းမပြန်သေးပါဘူး။
NUG အစိုးရရဲ့ တောင်ပိုင်းတိုင်း ထောက်ပို့တာဝန်ခံ ဦးရဲမင်းကတော့ ဒုက္ခသည် အရေအတွက် နိုင်ငံတကာက အလေးထား လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ပြောပါတယ်။
"ထိုင်းဘက်က ယာယီစစ်ရှောင်စခန်းက ပိတ်လိုက်ပြီ။ ပိတ်လိုက်တော့ အရှေ့မှာ အခုဆိုရင် လေးကေ့ကော်တို့ မဲသထောလေးတို့၊ ထီးမယ်ဝါးခီတို့ စသဖြင့် အဲလို ရွာတွေက စစ်ရှောင်တွေက ထိုင်းမြန်မာနယ်စပ် သောင်ရင်းမြစ်ကမ်းလေး တစ်လျှောက်က လွတ်မယ်ထင်တဲ့ နေရာတွေမှာ ကိုယ့်ဟာနဲ့ကိုယ် မိုးကာလေးတွေ၊ ရွက်ဖျင်တဲလေးတွေ ထိုးပြီး ဖြစ်သလိုနေနေတဲ့ စစ်ရှောင်တွေက လောလောဆယ် ငါးထောင်လောက်ရှိတယ်။ နိုင်ငံတကာက စစ်ရှောင်ကူညီရေးဆိုတာတွေ အများကြီး ရှိတယ်ဗျာ။ နိုင်ငံတကာနဲ့ ဖိဖိစီးစီးလေးနဲ့ ဒီစစ်ရှောင်တွေကို ထိုင်းအစိုးရနဲ့ ညှိနှိုင်း ပြီးတော့ စနစ်တကျလေး ထားပေးစေချင်တယ်"
ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ကမ်းဘေး တစ်လျှောက် ဖြစ်သလိုနေထိုင်နေရတဲ့ စစ်ဘေးဒုက္ခသည်တွေထဲမှာ နာတာရှည်ရောဂါသည်၊ ကိုယ်ဝန်ဆောင်နဲ့ ကလေးငယ်တွေ အများဆုံးပါနေတာကြောင့် နေရာထိုင်ခင်းနဲ့ လုံခြုံမှုဟာ ကြီးမားတဲ့ ပြဿနာတစ်ရပ် ဖြစ်နေတယ်လို့ သူကပြောပါတယ်။
ကရင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီ တစ်လတည်းမှာတင် စစ်ကောင်စီတပ်နဲ့ နယ်ခြား စောင့် BGF တပ်တွေရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှု၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက် မှုတွေကြောင့် အရပ်သား ပြည်သူ ၁၂ ဦး သေဆုံးပြီး ၃၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့လည်း KNU ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။