အသက် ၆၇ နှစ်အရွယ် ကရင်ပြည်နယ်ဝန်ကြီးချုပ်ကို စစ်ကောင်စီက ထောင် ၇၇ နှစ်ချ

2021.11.09
အသက် ၆၇ နှစ်အရွယ် ကရင်ပြည်နယ်ဝန်ကြီးချုပ်ကို စစ်ကောင်စီက ထောင် ၇၇ နှစ်ချ ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်။
Photo: Nan Khin Htwe Myint's Facebook

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကို အာဏာသိမ်းစစ်ကောင်စီက ဒီနေ့ ထောင်ဒဏ် ၇၅ နှစ် အမိန့်ချမှတ်လိုက်ပါတယ်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ - ၅၅ နဲ့ စွဲဆိုထားတဲ့ အမှု ငါးမှု အတွက်၊ တစ်မှုကို အမြင့်ဆုံး ပြစ်ဒဏ် - ၁၅ နှစ်စီ သီးခြားကျခံစေဖို့ အမိန့်မှတ်လိုက်တာကြောင့် အမှု ငါးမှု အတွက် ပြစ်ဒဏ် ၇၅ နှစ်ဆိုပြီးသတ်မှတ်လိုက်တာပါ။

သူ့ကို ပြီးခဲ့တဲ့သုံးလလောက်က ရာဇသတ်ကြီးဥပဒေပုဒ်မ - ၅၀၅(ခ) အမှုအတွက် ထောင်ဒဏ် နှစ်နှစ် အမိန့် ချထားတဲ့အတွက်၊ ဒီနေ့ချလိုက်တဲ့အမိန့်နဲ့ဆိုရင် လက်ရှိအသက် ၆၇ နှစ်ရှိပြီဖြစ်တဲ့ ဒေါ်နန်းခင်ထွေးမြင့်ဟာ စုစုပေါင်း ထောင်ဒဏ် ၇၇ နှစ်ကျခံရမှာဖြစ်ပါတယ်။

အခုလို အမြင့်ဆုံးပြစ်ဒဏ်ချမှတ်ခံရပေမဲ့ ဒေါ်နန်းခင်ထွေးမြင့်ရဲ့ ဆုံးဖြတ်ချက်အရ အယူခံဝင်မှာ မဟုတ်ဘူးလို့ အကျိုးဆောင်ရှေ့နေ ဦးအောင်သိန်းက RFA ကို ပြောပါတယ်။

“ကျနော်တို့က အမှုကို အမိန့်ချပြီးတဲ့အခါ တရားသူကြီးလည်း ကြားနိုင်လောက်တယ်ပေါ့လေ။ ကျနော်တို့ ဘက်က ဝတ္တထရားအရမေးတယ်။ အယူခံတက်ဖို့ အစီအစဉ်ရှိလားလို့ မေးတဲ့အခါမှာ သူတို့နှစ်ဦးစလုံးက အယူခံတက်ဖို့ အစီအစဉ်မရှိဘူးလို့ ဖြေတယ်ဗျ။ ဒေါ်နန်းခင်ထွေးမြင့်က ကျန်းမာရေးကောင်းပါတယ်။ ဒီဘက်က ဦးသန်းနိုင်ကတော့ ထောင်ထဲမှာ သူရှိပေမယ့် ကိုဗစ် နည်းနည်းဖြစ်လိုက်တယ်ပေါ့လေနော်။ အခုသူလည်း ကျန်းမာရေးကောင်းပါတယ်။ သူတို့တွေရဲ့ ယုံကြည်ချက်အရပေါ့ဗျာ။ ချမှာပဲဆိုတာ နဂို ကတည်းက မျှော်လင့်ထားပြီးသားဖြစ်လို့ ဘာမှသိပ်ပြီးတော့ တုန်လှုပ်တဲ့အနေအထားမျိုး မတွေ့ရဘူး ပေါ့နော်”

အလားတူ ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ စီမံ/ဘဏ္ဍာနဲ့ စည်ပင်ဝန်ကြီး ဦးသန်းနိုင် ကိုလည်း အဂတိလိုက်စားမှု ၆ မှုအတွက်၊ တစ်မှုကို ၁၅ နှစ်နှုန်းနဲ့ ထောင်ဒဏ်အနှစ် ၉၀ စစ်ကောင်စီ လက်အောက်ခံတရားရုံးက ချမှတ်လိုက်ပါတယ်။ သူ့ကိုလည်း အရင်က ပုဒ်မ ၅၀၅ (ခ) နဲ့ ထောင်ဒဏ် နှစ်နှစ် အမိန့်ချထားပြီးပြီဖြစ်တဲ့အတွက် စုစုပေါင်းဆိုရင် ထောင်ဒဏ် ၉၂ နှစ်ကျခံရမှာဖြစ်ပါတယ်။ ဦးသန်းနိုင် ဟာလည်း အခုဆိုရင် အသက် ၆၅ နှစ်ဝန်းကျင်ရှိနေပြီး သူ့မိသားစုဝင်တွေပါ အဖမ်းခံရနိုင်တဲ့အန္တရာယ် ကြောင့် တိမ်းရှောင်နေရတယ်လို့ မိသားစုနဲ့ နီးစပ်သူတစ်ယောက်က RFA ကို ပြောပါတယ်။

ဒေါ်နန်းခင်ထွေးမြင့်ကို စွပ်စွဲခဲ့တဲ့အမှုတွေအားလုံးကို သူနိုင်ငံရေးတာဝန်ထမ်းဆောင်ခဲ့စဉ်ကဆိုတဲ့ ခေါင်းစဉ်နဲ့ စစ်ကောင်စီက အမှုကိုတည်ဆောက်ခဲ့တာလို့လည်း ရှေ့နေ ဦးအောင်သိန်း က ပြောပါတယ်။

အဲဒီအဂတိအမှု ငါးမှုမှာ ဒေါ်နန်းခင်ထွေးမြင့်ကို သီးသန့်စွဲဆိုထားတဲ့တစ်မှု၊ စည်ပင်ဝန်ကြီး ဦးသန်းနိုင်နဲ့ တွဲပြီး လေးမှုကို ကရင်ပြည်နယ်တရားလွှတ်တော်မှာ စစ်ကောင်စီက တရားစွဲဆိုခဲ့ပြီးနောက် ဘားအံအကျဉ်းထောင် အထူးတရားရုံးမှာ တရားရင်ဆိုင်ခဲ့ရတာလို့ ရှေ့နေ ဦးအောင်သိန်း က ပြောပါတယ်။

ဒေါ်နန်းခင်ထွေးမြင့် တရားစွဲခံရတဲ့ အဂတိလိုက်စားမှု ၅ မှုထဲက တစ်မှုကတော့ သူကားမတော်တဆဖြစ်လို့ ရန်ကုန်ဆေးရုံကြီးမှာကုသရတဲ့အချိန် သူနိုင်ငံရေးရာထူးရှိတုန်းက ပြည်နယ်အစိုးရအဖွဲ့ရုံးကနေ ဆေးဝါး ကုသဖို့ ကျပ်သိန်း ၅၀ ထုတ်ပြီး၊ ၃၇ သိန်းသာပြန်သွင်းလို့ ၁၃ သိန်း ပြန်သွင်းဖို့ ကျန်နေတဲ့အပေါ်မှာ တရား စွဲခဲ့တဲ့အမှုဖြစ်ပါတယ်။

ကျန်တဲ့အဂတိအမှု လေးမှုကတော့ ပြည်နယ်အစိုးရ ရန်ပုံငွေတွေကို လူပုဂ္ဂိုလ်တွေကို ချေးငှားခဲ့ပြီး အကြွေးရအောင် ပြန်မတောင်းနိုင်ခဲ့တဲ့အပေါ်မှာ စည်ပင်ဝန်ကြီး ဦးသန်းနိုင်နဲ့အတူ တရားစွဲခံခဲ့ရတာပါ။

"နဂိုကတည်းက မျှော်လင့်ထားပြီးသားဖြစ်လို့ ဘာမှသိပ်ပြီးတော့ တုန်လှုပ်တဲ့အနေအထားမျိုး မတွေ့ရဘူးပေါ့နော်"

အခုလို ပြည်နယ်အစိုးရ ရန်ပုံငွေတွေကို ဦးသိန်းစိန် အစိုးရလက်ထက်မှာလည်း ဝန်ကြီးချုပ်တွေဟာ သူ့နည်းသူ့ဟန်နဲ့ သုံးစွဲခဲ့ပြီးနောက် အစိုးရကို ပြန်မဆပ်ခဲ့တဲ့အပေါ် NLD အစိုးရလက်ထက်မှာ သူတို့တွေကို အရေးယူထောင်ချတာမျိုးမလုပ်ခဲ့ဘဲ ငွေတွေကို ပြန်သွင်းဖို့ တောင်းဆိုတာတွေလုပ်ခဲ့တယ်လို့ လေ့လာ သူတွေက ပြောပါတယ်။

စစ်ကောင်စီက အခုလို ပြင်းထန်တဲ့ ပြစ်ဒဏ်တွေချမှတ်တာက တရားမျှတမှုမရှိဘူးလို့ ဒေါ်နန်းခင်ထွေးမြင့်ရဲ့ မောင်ဖြစ်သူ ဦးစောသန်းထွဋ် က RFA ကို ပြောပါတယ်။

“တရားမျှတမှုကတော့ ဘယ်လိုမှမရှိနိုင်ပါဘူး။ အငြိုးနဲ့ ဆောင်ရွက်မှုကတော့ သိပ်ထင်ပေါ်နေတယ်။ ကျေနပ်မှုမရှိဘူးပေါ့ဗျာ။ သိတော့သိနေပါတယ်။ အာဏာရှင်ကတော့ အစွန်းကုန်မိုက်မဲပြမယ်ဆိုတာကို။ မိသားစုဝင်တွေသာမကပါဘူး။ ပြည်သူတွေကလည်း သိနေကြပါတယ်။ ကျနော့်အမဟာ အခုဆိုရင် အသက် ၇၀ နီးနေပါပြီ။ အကျဉ်းထောင်ထဲမှာ ဒီထက်ဆိုးတဲ့ ညှဥ်းပန်းနှိပ်စက်မှုတွေကို စိုးရိမ်မိပါတယ် လို့ပဲ ပြောချင်ပါတယ်”

nan-khin-htwe-myint-dassk.jpg
(ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ တွေ့ရစဥ်) Photo: Nan Khin Htwe Myint's FB

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင် ကလည်း အခုလို NLD ထိပ်ပိုင်းခေါင်းဆောင်တွေကို နှစ်ရှည် ထောင်ဒဏ်တွေချမှတ်တာက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ခေါင်းဆောင်မှုကို ဖြိုခွင်း နေတာလို့ ပြောပါတယ်။

“အခြေခံကတော့ NLD ခေါင်းဆောင်မှုကို ဖြိုခွဲဖို့ သူတို့ကို နှစ်ရှည်ထောင်ဒဏ်ချထားဖို့ NLD ပါတီကို နိုင်ငံရေးအရ ခေါင်းမထောင်နိုင်အောင် ဖျက်သိမ်းမြေမြှုပ်သင်္ဂြိုဟ်ပစ်ဖို့ ရည်ရွယ်ပြီးလုပ်ဆောင်တဲ့ ခြေလှမ်းတွေရဲ့ ဖော်ပြချက်ပါပဲ။ အဲဒါတွေက ဥပဒေအတိုင်းလားဆိုတော့ အခုကဥပဒေက စစ်ကောင်စီ ချမှတ်တဲ့ဥပဒေက ဗမာပြည်ရဲ့ တရားဝင်ဥပဒေဖြစ်နေတဲ့ကာလဖြစ်တာကိုး အဲဒီတော့ သူတို့စိတ်ကြိုက် ဒါတွေလုပ်နေတာပေါ့”

NLD ထိပ်ပိုင်းခေါင်းဆောင် ဦးဝင်းထိန်နဲ့ ဒေါ်နန်းခင်ထွေးမြင့်တို့ကို နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ထား တာကြောင့် နိုင်ငံ့ခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း သူကို့စွဲထားတဲ့ အမှု ၁၁ မှုကြောင့် နှစ်ပေါင်း တစ်ရာကျော်လောက် ကျခံရနိုင်ဖွယ်ရှိတယ်လို့ သူကပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်မှာ ကရင်ပြည်နယ်ဝန်ကြီးချုပ်လည်းဖြစ်၊ ပါတီ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်လည်းဖြစ်တဲ့ ဒေါ်နန်းခင်ထွေးမြင့်ဟာ စစ်တပ်ကအာဏာသိမ်းပြီးနောက်မှာ အမြင့်ဆုံးထောင်ဒဏ်ချမှတ်ခံခဲ့ရတဲ့ ပထမဆုံး ဝန်ကြီးချုပ်တစ်ယောက်ဖြစ်ပါတယ်။

RFA ကနေ သီးသန့်ကောက်ယူထားတဲ့ မှတ်တမ်းတွေအရ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်း ချိန်ကနေ ဩဂုတ်လ ၃၀ ရက်နေ့ထိ အချိန် ခုနစ်လနီးပါးကာလအတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းနဲ့ ပြည်နယ်ဝန်ကြီးချုပ်အချို့ အပါအဝင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မနဲ့ ဖမ်းဆီးတရားစွဲ ခံထားရတဲ့ NLD အစိုးရအဖွဲ့ဝင် စုစုပေါင်း ၄၅ ဦးအထိရှိခဲ့ပါတယ်။

အဂတိမှုနဲ့ တရားစွဲခံထားရသူတွေထဲမှာ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ နေပြည်တော် မြို့တော်ဝန် ဒေါက်တာ မျိုးအောင်နဲ့ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ် ငါးယောက် အပါအဝင် စုစုပေါင်း NLD ထိပ်တန်းခေါင်းဆောင် ကိုးယောက်၊ ဗဟိုအလုပ်အမှုဆောင်မဟုတ်တဲ့ နောက်ထပ် တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ် နှစ်ယောက်၊ ပြည်ထောင်စုဝန်ကြီးအဆင့် နှစ်ယောက်၊ တိုင်းလွှတ်တော်ဥက္ကဋ္ဌ တစ်ယောက်၊ တိုင်းနဲ့ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီး ၂၅ ယောက်နဲ့ အခြားအဆင့် ခြောက် ယောက် စုစုပေါင်း ၄၅ ယောက် ဖြစ်ပါတယ်။ အဲဒီလို ဖမ်းဆီးတရားစွဲခံရတဲ့ NLD ထိပ်ပိုင်းခေါင်းဆောင်တွေထဲက ဦးဉာဏ်ဝင်းဟာ စစ်ကောင်စီလက်ထဲမှာ ပြီးခဲ့တဲ့ဇူလိုင်လ ၂၀ ရက်နေ့က ကွယ်လွန်သွားခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။