ဒီးမော့ဆိုနဲ့ ဖရူဆိုမှာ ဒုက္ခသည် ငါးထောင်ကျော် ရာသီတုပ်ကွေးဖြစ်ပွားနေ

RFA Burmese
2023.10.03
ဒီးမော့ဆိုနဲ့ ဖရူဆိုမှာ ဒုက္ခသည် ငါးထောင်ကျော် ရာသီတုပ်ကွေးဖြစ်ပွားနေ တိုက်ပွဲကြောင့် တောတောင်တွေထဲ ဖြစ်သလို နေထိုင်နေကြရသည့် ကယားပြည်နယ်အတွင်းက ဒုက္ခသည်စခန်းတစ်ခုကို ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့က တွေ့ရစဉ်။
CTER

ကယားပြည်နယ် ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ်တွေအတွင်း စစ်ဘေးဒုက္ခသည် ငါးထောင်ကျော် ရာသီတုပ်ကွေး ဖြစ်ပွားနေပြီး ဆေးဝါး အကူအညီတွေ လိုအပ်နေတယ်လို့ ဒုက္ခသည်အရေး ကူညီနေသူတွေက RFA ကိုပြောပါတယ်။

ဒီးမော့ဆို ဒုက္ခသည်စခန်းတွေမှာ လူဦးရေ သုံးထောင်ဝန်းကျင်နဲ့ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ လူဦးရေ နှစ်ထောင်နီးပါး ရာသီတုပ်ကွေးဒဏ်ကို ခံစားနေရတာပါ။

အခုလို အစုလိုက် အပြုံလိုက် ဖြစ်ပွားနေပေမယ့် ဆေးဝါး အလုံအလောက် မရှိဘူးလို့ ဒီးမော့ဆိုမှာ ကူညီပေးနေသူတစ်ဦးက ပြောပါတယ်။

“အဓိက ရာသီဥတုကပြောင်းတော့ ဒုက္ခသည်စခန်းတွေမှာ ကလေးငယ်တွေနဲ့ အသက်ကြီးပိုင်းတွေက ရာသီတုပ်ကွေးရောဂါ ပိုဖြစ်နေတယ်။ ဒီးမော့ဆို အရှေ့ဘက်အခြမ်းနဲ့ အနောက်ဘက်အခြမ်းက အခု တိုက်ပွဲတွေဖြစ်ထားတော့ လမ်းတွေက ပိတ်နေတာ။ ဘာမှ သယ်လို့မရဘူး။ ရတဲ့နည်းနဲ့တော့ ဆေးဝါးပြဿနာကို ဖြေရှင်းနေတာ။ လုံလောက်မှုတော့ မရှိဘူး”

ဖရူဆိုမြို့နယ် စစ်ဘေး ဒုက္ခသည်စခန်းတွေမှာ ကူညီနေသူတစ်ဦးကလည်း ဆေးဝါးပြတ်လပ်တဲ့အတွက် သက်တမ်းလွန် ဆေးဝါးတွေကို အသုံးပြုနေရတယ်လို့ ပြောပါတယ်။

ကယားပြည်နယ်မှာ စစ်ကောင်စီက လမ်းတွေကို ပိတ်ဆို့ထားတဲ့အတွက် ဆေးဝါးတွေ သယ်ယူဖို့ ခက်ခဲနေတယ်လို့ ကူညီနေသူတွေက ပြောပါတယ်။

ဒါနဲ့ပတ်သက်လို့ ကယားပြည်နယ် စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်ကြည်ကို ဒီကနေ့ ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။

ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ စာရင်းတွေအရ ကယားပြည်နယ်မှာ စစ်ဘေးဒုက္ခသည် တစ်သိန်းကျော် (၁၀၀,၈၀၀) ရှိပါတယ်။

စစ်ဘေးဒုက္ခသည်တွေအတွက် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေ အရေးတကြီး လိုအပ်နေပေမယ့် ခရီးသွားလာခွင့် ကန့်သတ်ချက်တွေ၊ ပဋိပက္ခတွေနဲ့ ရေကြီး၊ မြေပြိုမှုလို သဘာဝဘေးတွေကြောင့် အကူအညီပေးရေး ကိစ္စတွေမှာ စိန်ခေါ်မှုတွေ ရှိနေတယ်လို့ UNOCHA က အောက်တိုဘာလ ၂ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။