ကရင်နီဒုက္ခသည် ၂၆၀၀ ကျော်အတွက် အကူအညီတွေလိုအပ်နေ

အေးအေးမွန် (အော်စလို)
2021.07.23

ကယားပြည်နယ် ဘောလခဲမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကရင်နီပြည်တပ်မတော် (K.A) ၊ ကရင်နီအမျိုး သားများ ကာကွယ်ရေးတပ် (KNDF) ပူးပေါင်းအဖွဲ့တို့အကြား ဇူလိုင်လ ၁၈ ရက်နေ့က တိုက်ပွဲတွေဖြစ်ပွား ခဲ့ပြီးနောက် နောက်ထပ်အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ဒုက္ခသည်ပေါင်းဟာ ဒီနေ့အထိ ၂၆၀၀ ကျော် အထိရှိနေတယ်လို့ ဒုက္ခသည်အရေးအကူအညီ ပေးနေသူတွေက ပြောပါတယ်။

တိုက်ပွဲတွေဟာ နန်းဖဲ၊ တောခူရွာသစ်နဲ့ ကလိလျားရွာတွေအနီးမှာ နှစ်ကြိမ်ဖြစ်ပွားခဲ့တာပါ။ အဲဒီတိုက်ပွဲမှာ စစ်ကောင်စီ တပ်ဘက်က ကျေးရွာတွေအနီးကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဘောလခဲမြို့နယ်နဲ့ ဖရူဆိုမြို့နယ်ကြားက ပလိုဒေးခို၊ ပလဲလယ်၊ ကလိလျား၊ ကလောဒူ၊ နန်းခီးခို၊ ဒေါစဲခူရွာ၊ နန်းဖဲ စတဲ့ကျေးရွာ ခုနစ်ရွာက ဒေသခံတွေဟာ တောတောင်တွေထဲကို ထွက်ပြေးတိမ်းရှောင်နေကြရတာလို့လည်း ဆိုပါတယ်။

ဒုက္ခသည်တွေဟာ တောတောင်တွေထဲမှာ ဖြစ်သလိုနေထိုင်နေရတာကြောင့် အခုလောလောဆယ်မှာ အမိုး အကာ၊ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ အသုံးအဆောင်တွေ အရေးပေါ်လိုအပ်နေတယ်လို့လည်း ဒုက္ခသည်တွေက ပြောကြပါတယ်။

"အခုလောလောဆယ် သူတို့လိုအပ်နေတာကတော့ မိုးကာ၊ စားနပ်ရိက္ခာတွေ၊ ဆေးဝါးတွေ လိုအပ်နေတယ်ပေါ့"

ဒုက္ခသည်တွေဟာ တစ်နေရာတည်းမှာ စုပြီးတော့ခိုလှုံနေကြတာပါ။ လတ်တလောမှာ ခေါက်ဆွဲခြောက်နဲ့ အခြားတာရှည်ခံ အစားအစာအချို့နဲ့ ဝမ်းရေးကိုဖြေရှင်းနေကြရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒုက္ခသည်တစ်ဦးက ပြောပါတယ်။

“တစ်ချို့ကလည်း ဟင်း၊ ငါးဗူး၊ ခေါက်ဆွဲတို့ကို ကြိုထားကြတာတွေရှိတယ်။ ကျွန်တော်တို့ အခုနေတဲ့ ဘက်မှာလည်း အဲလိုမျိုး လုပ်ထားတာရှိတယ်။ တိုက်ပွဲတွေက အခုလောက်ထိပြင်းလာမယ်လို့ မထင် ထားကြပေမယ့် အခုတော့ အခြားသူတွေ ထွက်ပြေးတဲ့နေရာတွေကိုတောင် သွားဖို့မို့လို့ မလွယ်ဘူး”

ကယားပြည်နယ်အတွင်း တိုက်ပွဲတွေ အချိန်မရွေးဖြစ်လာနိုင်လို့ဆိုပြီး ဒေသခံတွေဟာ သူတို့ထွက်ပြေး ပုန်းခိုမယ့်နေရာတွေမှာ ကြိုတင်ပြီးတော့ ရိက္ခာခြောက်တွေနဲ့ ဗုံးခိုကျင်းတွေ ကြိုတင်လုပ်ဆောင်ထား ကြတယ်လို့ ဆိုပါတယ်။

အခုထွက်ပြေးလာကြတဲ့ သူတွေဟာလည်း သူတို့ကြိုတင်စီစဉ်ထားတဲ့နေရာတွေမှာ ထွက်ပြေးခိုလှုံ နေကြရတာလို့လည်း ဒုက္ခသည်တွေက ပြောပါတယ်။

ထွက်ပြေးတိမ်းရှောင်သူတွေထဲမှာ လသားအရွယ်ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်တွေ၊ သက်ကြီးရွယ်အို တွေနဲ့ မသန်စွမ်းသူတွေလည်း ပါဝင်တာကြောင့် သူတို့အတွက် လိုအပ်တဲ့ ဆေးဝါးမရှိလို့ အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေကြရတယ်လို့လည်း အမည်မဖော်လိုတဲ့ ဒုက္ခသည်အရေး ကူညီနေသူတစ်ဦးက ရှင်းပြ ပါတယ်။

"အခုလောလောဆယ် သူတို့လိုအပ်နေတာကတော့ မိုးကာ၊ စားနပ်ရိက္ခာတွေ၊ ဆေးဝါးတွေ လိုအပ်နေ တယ်ပေါ့။ နောက်ပြီးတော့ မီးဖွားတော့မယ့် ကိုယ်ဝန်သည်တစ်ဦး၊ ပြီးတော့ ကလေးက အယောက် တစ်ရာကျော်ပါတယ်။ ပြီးတော့ လမ်းမလျှောက်နိုင်တဲ့ ဖိုးဖွားတွေ၊ နားမကြားတဲ့ မသန်စွမ်းတွေလည်း ပါတယ်ပေါ့နော်"

ဒုက္ခသည်အရေး အကူအညီပေးနေတဲ့ နောက်ဒေသခံ အမျိုးသမီးတစ်ဦးကလည်း အခုရက်ပိုင်းတွေအတွင်း တိုက်ပွဲတွေရပ်နေပေမယ့် အိမ်ပြန်ဖို့အတွက် စိတ်ချရတဲ့အနေခြေကို မရောက်သေးတာကြောင့် အကူ အညီတွေ လိုအပ်နေတယ်လို့ ပြောပါတယ်။

“အခုလောလောဆယ်က ပစ်ခတ်သံတွေကိုတော့ မကြားရပေမယ့် သူတို့က ရွာကိုမပြန်ရဲကြဘူး။ တချို့ဆို တစ်အုပ်စုလုံး ပြေးကြတယ်ပေါ့နော်။ ဒါပေမဲ့ ပစ်သံမကြားရလို့ရှိရင် ရွာကိုပြန်လာကြတာမျိုး၊ ပစ်သံ ကြားလို့ရှိရင် ပြန်ပြေးကြတာမျိုး အဲလိုအခြေအနေတွေ ရှိခဲ့တယ်ပေါ့နော်။ အခုလောလောဆယ်တော့ စားနပ်ရိက္ခာရယ်၊ ဆေးဝါးရယ် လိုအပ်တယ်ပေါ့နော်။ အခုက လမ်းကြောင်းတွေလည်း မရှင်းတဲ့အခါ ကျတော့ အကူအညီတွေကို လုံးဝပို့လို့မရတဲ့ အခြေအနေဖြစ်နေတယ်။ အလှူတွေလည်း မရောက်သေး တဲ့အခါကျတော့ အခုက လိုက်စုနေရတဲ့ သဘောရှိနေတယ်”

ကယားပြည်နယ်မှာ ပြီးခဲ့တဲ့ မေလ ၂၁ ရက်နေ့ကစလို့ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးနောက် ဒီးမော့ဆိုမြို့နယ်နဲ့ လွိုင်ကော်မြို့နယ်တွေမှာ ဒီနေ့အထိ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရသူပေါင်း တစ်သိန်းကျော်ရှိနေ တယ်လို့လည်း ဒုက္ခသည်အရေး အကူအညီပေးနေသူတွေက ပြောပါတယ်။

kayah-refugees.jpg
(ကယား (ကရင်နီ) ပြည်နယ် ဘောလခဲမြို့နယ်က ကရင်နီ စစ်ဘေးဒုက္ခသည်တွေကို တွေ့ရစဉ်)

ဒီးမော့ဆိုမြို့အတွင်းမှာတော့ တိုက်ပွဲတွေရပ်နေပေမယ့် စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ် တာတွေရှိနေလို့ လူတချို့ပဲ နေရပ်ပြန်ကြပြီး အများစုကတော့ တောတောင်တွေထဲမှာ ထွက်ပြေးခိုလှုံနေ ကြရဆဲပါ။

ထိုင်း-မြန်မာနယ်စပ်က ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ထိန်းချုပ်တဲ့နယ်မြေထဲမှာလည်း ထွက်ပြေးခိုလှုံနေရသူ ၇၀၀ ကျော်ရှိနေပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစလို့ နိုင်ငံတစ်ဝန်း လူပေါင်း ၂၂၀,၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပြီး အဲဒီအထဲက အများစုဟာ သူတို့ရဲ့ နေရပ်တွေဆီကို ပြန်ဖို့မဖြစ်နိုင်သေးဘူးလို့ ကုလသမဂ္ဂက မကြာသေးခင်က ပြောဆိုထားပါတယ်။

ဒါကြောင့် ကုလသမဂ္ဂနဲ့ မိတ်ဖက်အဖွဲ့တွေအနေနဲ့ နိုင်ငံတစ်ဝန်းက ပြည်သူသုံးသန်းခန့်ဆီကို အထောက်အပံ့ တွေနဲ့ အကာအကွယ်ပစ္စည်းတွေ ရောက်ရှိနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေတယ်လို့လည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြီးခဲ့တဲ့ ဇူလိုင်လ ၁၆ ရက်နေ့ကပြုလုပ်တဲ့ သတင်း စာရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။