ခုနစ်လကျော်အတွင်း တိုက်ပွဲပေါင်း ၂၀၀ ကျော်ဖြစ်ခဲ့ကြောင်း KNDF ထုတ်ပြန်

စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် မေလ ၁၉ ရက်ကနေ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃၁ ရက်နေ့ထိ အချိန် ခုနစ်လကျော်အတွင်း KNDF၊ KA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပေါင်း ၁၃၀ ကျော် ဖြစ်ခဲ့ပြီး စစ်တပ်ဘက်က ၂၄၉ ဦးနဲ့ KNDF ဘက်က ၁၃ ဦးသေဆုံးခဲ့တယ်လို့ ကရင်နီအမျိုးသား ကာကွယ်ရေး တပ် KNDF က ဇန်နဝါရီလ ၂ ရက်နေ့က သတင်းထုတ်ပြန်လိုက်ပါတယ်။

လတ်တလောမှာလည်း လွိုင်ကော်၊ ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ်တွေမှာ စစ်တပ်ဘက်က အင်အားအများအပြား တိုးချဲ့လာတာကြောင့် နှစ်သစ်ကူး အကြိုညကနေ မနေ့ညအထိ သုံးရက်ဆက်တိုက် တိုက်ပွဲတွေ ပြင်းထန် ခဲ့တယ်လို့ KNDF တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

“သုံးရက် ဆက်တိုက်လောက်က တိုက်ပွဲတွေ အကြီးအကျယ်ဖြစ်နေတယ်လေ။ အဓိကက စစ်ကောင်စီက အင်အားတွေ တိုးချဲ့တဲ့အတွက် ဒီလိုတိုက်ပွဲတွေ ပြင်းပြင်းထန်ထန် တိုက်ပွဲတွေ ဖြစ်နေတယ်လို့ ပြောလို့ ရမယ်၊ ဒါက အခြေအနေပေါ့နော်။ ဒီရက်ကတော့ ငြိမ်နေသေးတဲ့ အနေအထားမျိုးပါ။ ကျနော်တို့ဘက် ကတော့ ဒီသုံးရက်ထဲမှာ သုံးယောက်လောက်ကျတယ်။ စစ်တပ်ဘက်ကတော့ ကျနော်တို့ ပြန်ပြီး အနှစ်ချုပ်ပြီး ပြန်ပြောရမယ် သူတို့လည်း လူတော်တော်ကျတယ်”

ဇန်နဝါရီ ၃ ရက် မနေ့ညပိုင်းအထိ တိုက်ပွဲတွေ ဆက်တိုက်ပြင်းထန်ခဲ့ပြီး ဒီနေ့မနက်ပိုင်းမှာ အနည်းငယ် ငြိမ်သက်နေပေမယ့် နှစ်ဖက်အခြေအနေဟာ တင်းမာနေဆဲပဲလို့လည်း သူက ဆိုပါတယ်။

စစ်ကောင်စီ ပြောခွင့်ရ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်း က သုံးရက်ဆက်တိုက် တိုက်ပွဲတွေ ဖြစ်တယ်ဆိုတာ မှန်ကန်ကြောင်း အတည်ပြုထားပြီး၊ ကရင်နီကာကွယ်ရေးတပ်တွေဘက်က စတင်တိုက်ခိုက် ခဲ့တာလို့ တုံ့ပြန်ပါတယ်။

“အဓိက တိုက်ပွဲဖြစ်ရတဲ့ အကြောင်းအရင်းကတော့ ဒီးမော့ဆိုဘက်မှာ ယခင်တုန်းက ဒီးမော့ဆိုမြို့ထဲထိ ဝင်ပြီးတော့ ဒီးမော့ဆိုရဲစခန်းကို ဝင်ရောက်စီးနင်း တိုက်ခိုက်တာတွေ ရှိတယ်။ အဲဒီနားလေးမှာရှိတဲ့ ငွေတောင်ဆည်ဘက်မှာ အခြေပြုပြီး စီးနင်းတိုက်ခိုက်တာ မျိုးတွေရှိတယ်။ အလစ်အငိုက် ချောင်းမြောင်း တိုက်ခိုက်တာမျိုးတွေ ရှိတယ်။ နောက်ပိုင်းမှာတော့ ကျဲပါးသွားတယ်။ အခုရက်ပိုင်းမှာတော့ ဒီးမော့ဆို ဘက်မှာပဲ အဲဒီနားလေးက ကျေးရွာတွေဘက်မှာ အခြေပြုပြီး လှုပ်ရှားနေတဲ့ KNPP နဲ့ PDF ပူးပေါင်း အဖွဲ့တွေရှိတယ်။ သူတို့နဲ့ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပါတယ်”

KNDF က ထုတ်ပြန်ထားတဲ့ အချိန် ခုနစ်လကျော်အတွင်း တိုက်ပွဲပေါင်း ၁၃၀ ကျော်ဖြစ်ခဲ့ပြီး စစ်တပ်ဘက်က ၂၄၉ ဦးသေဆုံးတယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်လို့တော့ ဗိုလ်ချုပ်ဇော်မင်းထွန်းက တစ်စုံတစ်ရာ တုံ့ပြန် ဖြေကြားတာမျိုး မရှိပါဘူး။

နှစ်သစ်ကူး အကြိုနေ့ဖြစ်တဲ့ ဒီဇင်ဘာလ ၃၁ ရက်နေ့ကစလို့ ဒီးမော့ဆိုမြို့ မြို့မရဲစခန်း၊ ငွေတောင်ဆည်နဲ့ ထီးပွင့်ကန် စတဲ့နေရာသုံးခုမှာ မြို့ပြတိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ်ဘက်က တိုက်လေယာဉ်နဲ့ စစ်ရဟတ်ယာဉ်တွေပါ သုံးပြီး လေကြောင်းကနေ ပစ်ခတ်ခဲ့တယ်လို့လည်း KNDF တာဝန်ရှိသူတွေက ပြောပါတယ်။

"ပြေးလိုက်လွှားလိုက်နဲ့ တစ်ခါတလေလည်း အတည်တကျ ကြာကြာသွားမနေရဘူး။"

ဒီဇင်ဘာ ၃၁ ရက် တစ်ရက်တည်းမှာပဲ ဒီးမော့ဆိုမှာ မြို့ပြတိုက်ပွဲတွေဖြစ်နေချိန်၊ ဖရူဆိုမြို့နယ် ထီသော်တနီး ကျေးရွာနဲ့ လောတောတနော ရွာအနီးမှာလည်း နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်ခဲ့တယ်လို့ ဆိုပါတယ်။

ဇန်နဝါရီ ၁ ရက်ကနေ ဇန်နဝါရီလ ၃ ရက် မနေ့ကအထိလည်း လွိုင်ကော်၊ ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ်တွေမှာ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး ကရင်နီတပ်မတော် KA၊ KNDF ၊ PDF ပူးပေါင်းတပ်တွေဘက်က လေးဦး သေဆုံး ခဲ့သလို စစ်ကောင်စီတပ်ဘက်ကလည်း ၅၀ နီးပါး သေဆုံးခဲ့တယ်လို့ KNDF က ပြောပါတယ်။

ကာကွယ်ရေးတပ်တွေဘက်က သေဆုံးခဲ့သူတွေကတော့ NKDF ရဲဘော် ဟင်နရီ၊ လွိုင်ကော် PDF က မောင်ပေါလူ (ခ) ကြာဦး၊ ဒီးမော့ဆို PDF က ဦးလေးရှို (ခ) ဖားလို နဲ့ ကရင်နီတပ်မတော် KA က ရဲဘော် တစ်ဦးတို့ ဖြစ်တယ်လို့ ဆိုပါတယ်။

kayah battle
(ကယားပြည်နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် နဲ့ PDF, KNDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲကြောင့် အဆောက်အအုံ တချို့ပျက်စီးနေတာကို တွေ့ရစဉ်) Photo: PDF Loikaw

စစ်တပ်ဘက် လူ ၅၀ သေဆုံးခဲ့တယ်ဆိုတဲ့ ပြောဆိုချက်နဲ့ပတ်သက်ပြီး RFA က သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ကိုဗစ်ရောဂါအပြင် စစ်က မကြာခဏ ဖြစ်နေတာမို့ စိတ်ပန်းလူပန်းဖြစ်ပြီး လုံခြုံမှု မရှိတော့ဘူးလို့ ဒီးမော့ဆို ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“အခက်အခဲက ပစ်ခတ်မှုကတစ်ခု၊ နောက်ပြီး Covid-19 ရောဂါကတည်းက တစ်ခုဆိုတော့ ဒုက္ခက နှစ်မျိုးရှိနေတယ်။ ပြေးလိုက်လွှားလိုက်နဲ့ တစ်ခါတလေလည်း အတည်တကျ ကြာကြာသွားမနေရဘူး။ ဟိုနေရာလည်း သေနတ်သံကြားလိုက် ဒီနေရာလည်း သေနတ်သံကြားလိုက်ဆိုတော့ စစ်ဘေးရှောင်တဲ့ လူတွေက တအားစိတ်ဆင်းရဲတယ်။ ဘယ်နေရာမှ မလုံခြုံဘူး အဲဒီလိုမျိုးဖြစ်နေတယ်”

စစ်ဘေးရှောင်တွေကို ကူညီမယ့် အလှုရှင်တွေကို စစ်တပ်က လမ်းမှာ ကားတွေကိုတားပြီး စစ်ဆေးတာ၊ မေးမြန်းတာနဲ့ လမ်းကြောင်းမှာ အသက်အန္တရာယ်စိုးရိမ်ရတဲ့ လုံခြုံရေး အခြေအနေတွေကြောင့် ဒုက္ခသည် စခန်းတွေအထိ အကူအညီတွေ ရောက်လာဖို့ ခက်ခဲနေတယ်လို့ သူက ဆိုပါတယ်။

လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆိုနဲ့ ရှမ်း-ကယားနယ်စပ် ဖယ်ခုံမြို့နယ်ကနေ ထွက်ပြေးလာတဲ့ စစ်ဘေးဒုက္ခသည် တစ်သိန်းနှစ်သောင်းလောက် ရှိနေပြီး ရေရှည်မှာ စားနပ်ရိက္ခာ အခက်အခဲရှိလာနိုင်တယ်လို့ ကရင်နီပြည်နယ် လူ့အခွင့်အရေးအဖွဲ့ ညွှန်ကြားရေးမှူး ကိုဗညားက ပြောပါတယ်။

“တိုက်ပွဲအဓိက ဖြစ်နေတဲ့ လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆိုရယ် နောက်ပြီး ဖယ်ခုံပေါ့နော် အဲဒီမှာတော့ လူဦးရေ တစ်သိန်းနဲ့ နှစ်သောင်းအထက်မှာ တင်နေတယ်ပေါ့နော်။ ဒါပေမဲ့ ကျနော်တို့ ပိုစိုးရိမ်တာက အခုနောက်ပိုင်းက စစ်ရေးအရ ပိုလှုပ်ရှားနိုင်တဲ့အတွက်ကြောင့် တခြားတိုက်ပွဲမဖြစ်တဲ့ မြို့နယ်တွေ မှာလည်း တိုက်ပွဲဖြစ်ဖို့ စစ်ရေးတင်းမာမှု ရှိနိုင်တဲ့ အခြေအနေမှာရှိတဲ့ အတွက်ကြောင့် ကျနော်တို့ စိုးရိမ်တာက စားနပ်ရိက္ခာပေါ့နော်။ အခုအချိန်မှာတောင်မှ ကျနော်တို့ ပြည်နယ်မှာရှိနေတဲ့ လူဦးရေ တစ်သိန်းနှစ်သောင်းကို ကျနော်တို့ ထောက်ပံ့မှုက အရမ်းကို အခက်အခဲတွေ အများကြီးကြုံရတယ်”

တိုက်ပွဲတွေအပြင် စစ်ကောင်စီတပ်တွေရဲ့ ပုံစံအမျိုးမျိုးနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် အချိန် ၁၁ လအတွင်း ကယားပြည်နယ်မှာ သေဆုံးတဲ့ အပြစ်မဲ့ပြည်သူ ၁၄၈ ဦးထိ ရှိနေကြောင်း ကရင်နီ လူ့အခွင့်ရေး အဖွဲ့က ဇန်နဝါရီ ၃ ရက် မနေ့က သတင်းထုတ်ပြန်ထားပါတယ်။