ကယားပြည်နယ်က ပြောင်းစိုက်ခင်းတွေမှာ ငမြှောင်တောင်ပိုး ဖျက်ဆီးမှုဒဏ်နဲ့ ရင်ဆိုင်နေရတဲ့အတွက် တောင်သူတွေ အထိနာနေပါတယ်။ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးကာလအတွင်း လူစုလူဝေးမှု တားမြစ်ထား တာကြောင့် စိုက်ပျိုးရေးဌာနက ပိုးသတ်နည်းပညာ ဖြန့်ဝေပေးရေးကို အဟန့်အတား ဖြစ်စေပါတယ်။
ကယားပြည်နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းတွေမှာ ငမြှောင်တောင်ပိုး ကျရောက်နေတဲ့အတွက် ပြောင်းစိုက် ခင်းတွေ ပျက်စီးနေပါတယ်။
ငမြောင်တောင်ပိုးကို နှိမ်နင်းရေးနဲ့ ပတ်သက်ပြီး ဒေသခံတွေကို ပညာပေးလိုပေမယ့်လည်း ကိုရိုနာဗိုင်းရပ်စ်ပိုး အန္တရာယ်ကြောင့် ခပ်ခွာခွာနေကြရမယ့်ကာလ မလွန်မြောက်သေးတာကြောင့် ပညာပေးအစီအစဉ် ဆက်လုပ်ဖို့ အဆင်မပြေသေးဘူးလို့ ဒီမော့ဆိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဒုလက်ထောက်ဦးစီးမှူး ဒေါ်ရို့စ်ထူးဒေးမြာက ပြောပါတယ်။
"ကူညီဆောင်ရွက်ပေးတာကတော့ တောင်သူပညာပေးတို့ ဘာတို့ ရှိတာပေါ့နော်။ ဒါပေမဲ့ အခု ကိုဗစ်ကြောင့် လူစုလူဝေး မလုပ်ရဘူးဆိုတော့ အခု တောင်သူပညာပေးတော့ မလုပ်ဖြစ်သေးဘူးပေါ့နော်။ လုပ်ဖို့တော့ အစီအစဉ် ရှိထားပြီးသားပါ"
အဖျက်ပိုးဟာ ရှမ်းပြည်နယ်၊ မြို့နယ်တချို့မှာ ကျရောက်ခဲ့ပြီးမှ ကယားပြည်နယ်ဘက်ကို ကူးလာတာဖြစ်တယ်၊ ကပ်ဘေးမတိုင်ခင်က တောင်သူတွေကို ပိုးကျရောက်မှု သက်သာအောင် အသိပညာပေးမှု ဆောင်ရွက်ခဲ့ပြီး ကပ်ဘေးကာလ လွန်မြောက်ရင်တော့ ပညာမျှဝေမှု ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်မယ်လို့ စိုက်ပျိုးရေးဌာနက မျှော်လင့်နေပါတယ်။
"ဒီ FAW ငမြှောင်တောင်ဆိုတာက အမြစ်ပြတ်တာတော့ မရှိပါဘူး။ တစ်ခါလောက်ပဲ ထိထိရောက်ရောက် ဖြန်းရင်ရတယ်။ တချို့တောင်သူတွေက ဖြန်းလို့ရှိရင် တခါတည်းဖြန်းသွားတဲ့အခါကျတော့ နှစ်ခါသုံးခါလောက် ပြန်ဖြန်းရတာပေါ့။ တကယ်လို့ ထိထိရောက်ရောက် အတွင်းထဲထိကို သူ့ကိုဖြန်းရင်တော့ ရတယ်လို့ ပြောချင် ပါတယ်"
အရွက်တွေမှာ အပေါက်ရှိနေတယ်၊ အရွက်အနားတွေမှာ စုတ်ပြတ်နေတယ် ဆိုတာတွေက ငမြှောင်တောင်ပိုး ဖျက်ဆီးထားတဲ့ လက္ခဏာတွေပါ။
ဒီမော့ဆိုမြို့နယ် သေးဆူလဲကျေးရွာမှ တောင်သူဖြစ်တဲ့ ညားရယ်က သူတို့ ကျေးရွာအုပ်စုအတွင်း ပြောင်းစိုက် ခင်းတွေမှာ မနှစ်ကတည်းက ငမြှောင်တောင်ပိုး အများအပြားကျရောက်ခဲ့ပြီး အထွက်နှုန်းကျဆင်းခဲ့တယ်၊ တပြိုင်နက်တည်းမှာ ရာသီဥတုဖောက်ပြန်တဲ့ဒဏ်ကို ခံနေရတယ်လို့ ပြောပါတယ်။
"မိုးခေါင်တာက နှစ်နှစ်ရှိပြီ။ အရင်တစ်နှစ်က ဒီနှစ်လိုမျိုးပဲ၊ စောပြီးတော့ စိုက်ကြတာလည်းပါတယ်၊ မိုးခေါင်တာလည်း ပါတာပေါ့။ အရင်တစ်နှစ်က အစောစိုက်တော့ ပေါက်ပါတယ်။ မိုးပြန်ခေါင်တော့ အပင်က မတက်နိုင်တော့ဘူး။ ပွင့်ခါနီး မဖြစ်နိုင်တဲ့အချိန်ကျမှ တချို့တောင်ယာတွေ ပြန်ထယ်ထုတ်တယ်လေ၊ အစကနေ ပြန်စိုက်ရတယ်"
ပိုးမကျမီနှစ်တွေက ပြောင်းတစ်ဧကမှာ ၂၅ ပိဿာဆန့်တဲ့ အိတ် ၈၀ နဲ့ ၁၂၀ ကြား ထွက်ရှိပြီး ပိုးကျတဲ့အခါမှာ တော့ အိတ် ၈၀ အောက်သာ ထွက်ရှိတော့တာကြောင့် အထိနာနေတယ်လို့ ပြောင်းစိုက်တောင်သူတွေက ပြောပါတယ်။
"အရင်နှစ်ဆိုက အစိုရောင်းတယ်လေ၊ ခါတိုင်းနှစ် ဈေးကောင်းတဲ့နေ့ဆို ၄၀၀၊ ၄၁၀၊ ၄၂၀ လောက်ရတယ် အစိုဈေးကို။ အခုကျတော့ အရင်နှစ်လိုမျိုး မရနိုင်တော့ဘူး။ ၃၅၀ တောင်မှ မရဘူး။ အရှုံးပေါ်ကြတာပေါ့နော"
ပြောင်းစိုက်ဧက ၅၀၀ ကျော်မှာ ပိုးကျနေတာကို ကြိုးစားနှိမ်နင်းနေရာမှာ ပိုးသတ်ဆေးက ဈေးများတာကြောင့် အများအပြား မဝယ်နိုင်ဘူးလို့ ဆိုပါတယ်။
ဒီမော့ဆိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဒုလက်ထောက်ဦးစီးမှူး ဒေါ်ရို့စ်ထူးဒေးမြာက သဘာဝဆေးဟာ ဓာတု ဆေးထက် အကုန်အကျ ပိုမိုနည်းပါးတယ်လို့ ဆိုပါတယ်။ သဘာဝဆေးကို အသုံးပြုကြဖို့ အသိပညာပေးခဲ့တယ်လို့ ပြောပါတယ်။