ဒီးမော့ဆို စစ်ဘေးဒုက္ခသည် ကလေး ၄၀ ကျော် ရေယုန်ရောဂါ ဖြစ်နေ
2023.03.17

ကယားပြည်နယ်၊ ဒီးမော့ဆို အရှေ့ဘက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်လာရတဲ့ စစ်ဘေးဒုက္ခသည် ကလေးငယ် ၄၀ ကျော်မှာ ရေယုန်အရေပြားရောဂါတွေ ကူးစက်ခံစားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လသားအရွယ်ကနေ အသက် ၁၂ နှစ်အရွယ်အထိ မျက်နှာ၊ ခြေထောက်၊ ဝမ်းဗိုက်၊ ခေါင်းနဲ့ ကျောဘက်တွေမှာ ရေယုန် အရေပြားရောဂါတွေ ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။
စစ်ဘေးဒုက္ခသည်ဟာ တောတောင်တွေထဲကို ထွက်ပြေးပုန်းရှောင်ရင်း မသန့်ရှင်းတဲ့ သောက်သုံးရေတွေကြောင့် နောက်ဆက်တွဲအဖြစ် အခုလို ရေယုန်အရေပြား ရောဂါတွေ ကူးစက်ခံစားလာရတာလို့ စစ်ဘေးဒုက္ခသည်အရေး ကူညီဆောင်ရွက်ပေးနေတဲ့ ကိုအဲဝါးက ပြောပါတယ်။
"အဓိကကတော့ နေရာအတည်တကျ မနေရဘဲ ထွက်ပြေးနေရတဲ့အတွက် သန့်ရှင်းတဲ့ သောက်ရေ၊ သုံးရေ မရဘူး။ ရေ ပုံမှန်မချိုးရဘူး၊ နွေရာသီရောက်လာတဲ့အခါ ရေခမ်းခြောက်တာ ပိုများလာတော့ တချို့ကလေးငယ်တွေ ဆယ်ရက်လောက်မှတစ်ခါ ရေချိုးရတယ်။ အဲဒါတွေကနေ အရေပြားရောဂါ ပြဿနာတွေ စလာတာပေါ့။ ကုသမှုပေးနိုင်ဖို့ကတော့ ရှိတဲ့ဆေးနဲ့ စပြီးအကောင်အထည် ဖော်နေကြပါပြီ"
ကလေးငယ် အများစုဟာ ကိုယ်ပူတာ၊ ဖျားနာတာနဲ့ ယားယံတဲ့ ရောဂါ လက္ခဏာတွေ ခံစားနေရပြီး ကုသမှုအတွက် လုံလောက်တဲ့ ဆေးဝါးပစ္စည်းတွေလည်း အရေးပေါ် လိုအပ်နေတယ်လို့ ဆိုပါတယ်။
စစ်ဘေးဒုက္ခသည်တွေရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး သိရဖို့ ကယားပြည်နယ် ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးအောင်ဝင်းဦးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။
ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့ကတည်းက အင်အား ၂၀၀ ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ နှစ်ကြောင်းခွဲကာ ကယားပြည်နယ် ဘော်လခဲမြို့နဲ့ ဒီးမော့ဆိုမြို့တွေကို စီးနင်းဝင်ရောက်နေတာကြောင့် ဒေသခံ သုံးထောင်နီးပါးဟာ ဘေးလွတ်ရာတွေကို ရွှေ့ပြောင်းနေထိုင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီးမော့ဆိုမြို့နယ် တစ်ခုတည်းမှာ စစ်ဘေးဒုက္ခသည် နှစ်သောင်းနီးပါးရှိနေပြီး ကယားပြည်နယ် တစ်ခုလုံးမှာ အာဏာသိမ်းပြီးနောက် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူပေါင်းဟာ နှစ်သိန်းနီးပါးရှိနေတယ်လို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့ (KnHRG) ရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။