ကရင်နီ စစ်ဘေးဒုက္ခသည်တွေကို ဒရုန်းနဲ့ စားနပ်ရိက္ခာ ပို့ဆောင်

RFA Burmese
2024.09.19
ကရင်နီ စစ်ဘေးဒုက္ခသည်တွေကို ဒရုန်းနဲ့ စားနပ်ရိက္ခာ ပို့ဆောင် ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်ရှိ တိုက်ပွဲများကြောင့် ထွက်ပြေးနေရသူများအား ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်က တွေ့ရစဥ်။
Facebook/ Karenni Free Burma Rangers Photo

ကယားပြည်နယ် (ကရင်နီပြည်) ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းက ရေဘေးကြုံနေရတဲ့ ဒေသခံတွေနဲ့ စစ်ဘေးဒုက္ခသည်တွေအတွက် အရေးပေါ် လိုအပ်တဲ့ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေကို လမ်းပန်းဆက်သွယ်ရေး အခက်ခဲကြောင့် ဒရုန်းနဲ့ ပို့ဆောင်ပေးတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က RFA ကို ပြောပါတယ်။

စက်တင်ဘာလ ၁၆ ရက်နေ့က ပွန်ချောင်းမြစ်တစ်ဖက်ကမ်းမှာရှိတဲ့ ရေဘေးကြုံနေရတဲ့ စစ်ဘေးဒုက္ခသည်တွေအတွက် အကူအညီပေးဖို့ စက်လှေမရှိတာကြောင့် အရေးပေါ်လိုအပ်တဲ့ အစားအသောက်နဲ့ ဆေးဝါးတချို့ကို ဒရုန်းနဲ့ ပို့ဆောင်ပေးခဲ့တာလို့ ဆိုပါတယ်။

စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေကို လိုအပ်တဲ့ နေရာဒေသအထိ ပို့ဆောင်နိုင်ဖို့ ကနဦး စမ်းသပ်ခဲ့တာလို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး (၂) ကိုဗညားက RFA ကို ပြောပါတယ်။

“လှေတွေက ရောက်မလာနိုင်တဲ့ ကာလမှာ ဟိုဘက်ကမ်းမှာ ရှိနေတဲ့သူတွေအတွက် စားနပ်ရိက္ခာကို အမြန်ဆုံး ဖြန့်ဝေဖို့ လိုအပ်တာပေါ့။ အဲဒီအတွက်ကြောင့် ဒရုန်းနဲ့ ပို့ဆောင်တဲ့ စနစ်ကို စမ်းသပ်ကြည့်တာပေါ့။ စမ်းသပ်မှုကလည်း အောင်မြင်တယ်။ ကျွန်တော်တို့ ပို့ချင်တဲ့နေရာအထိ ပို့ချင်တဲ့ ပမာဏတစ်ခုကို အောင်အောင်မြင်မြင် ပို့နိုင်ခဲ့တယ်"

ကျန်တဲ့ထောက်ပံ့ရေး ပစ္စည်းတွေကို စက်လှေတွေနဲ့ ပြန်လည်ပို့ဆောင်နေပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့နေရာတွေကို အစားအသောက်နဲ့ ဆေးဝါးတွေကို ဒရုန်းနဲ့ ပို့ဆောင်တဲ့စနစ်ကို အသုံးပြုသွားမယ်လို့ ကိုဗညားက ပြောပါတယ်။

စစ်ကောင်စီထိန်းချုပ်ထားတဲ့ လွိုင်ကော်မြို့ပေါ်က ရေဘေးကြုံနေရသူတွေအတွက် အကူအညီ အထောက်အပံ့ သွားရောက်ပို့ဆောင်တဲ့အခါ မြို့အဝင်က စစ်ကောင်စီတပ်ရဲ့ စစ်ဆေးရေးဂိတ်ကနေ ရိက္ခာသယ်ခွင့် ကန့်သတ်တာကြောင့် ကူညီခွင့်ရမဘူးလို့ ကူညီကယ်ဆယ်ရေးလုပ်နေသူတွေက ပြောပါတယ်။

ကယားပြည်နယ်က ရေဘေးကြုံနေရသူတွကို ကူညီကယ်ဆယ်ရေးနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ ကယားပြည်နယ် ပြောခွင့်ရသူ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇာနည်မောင်ကို RFA က ဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

ကယားပြည်နယ် (ကရင်နီပြည်) လွိုင်ကော်၊ ရှားတော၊ ဘောလခဲ၊ ဒီးမော့ဆို၊ ဖရူဆို၊ ဖားဆောင်းနဲ့ ကယား-ရှမ်းအစပ် ဖယ်ခုံ စတဲ့ မြို့နယ် ခုနစ်ခုမှာ ရေဘေးကြုံနေရသူ နှစ်သောင်းကျော် (၂၁,၇၃၉) ရှိပြီး ရေကြီး၊ မြေပြိုမှုကြောင့် လူပေါင်း ၂၈ ဦး သေဆုံးတယ်လို့ IEC က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။