တိုက်ပွဲတွေကြောင့် ဘောလခဲနဲ့ မော်ချီးမှာ စားသောက်ကုန်တွေပြတ်လပ်
2023.09.28
ကယားပြည်နယ် လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆိုနဲ့ ဘောလခဲ ကားလမ်းပိုင်းတွေမှာ နေ့စဉ်လိုလို တိုက်ပွဲတွေဖြစ်နေတာကြောင့် ကုန်သွယ်ရေးလမ်းပြတ်တောက်ပြီး ဘောလခဲနဲ့ မော်ချီးမြို့က စစ်ဘေးဒုက္ခသည်တွေနဲ့ ဒေသခံတွေ စားသောက်ကုန် ပြတ်လပ်မှုတွေနဲ့ ကြုံနေရတယ်လို့ စစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေသူတွေက စက်တင်ဘာလ ၂၈ ရက်မှာ RFA ကို ပြောပါတယ်။
အခုရက်ပိုင်း တိုက်ပွဲပြင်းထန်ခဲ့တဲ့ ဘောလခဲမြို့နယ် နန့်ဖဲကျေးရွာအုပ်စုမှာဆိုရင် ဆန်နဲ့ စားသောက်စရာ အခက်အခဲကြောင့် ဒုက္ခသည်တွေဟာ ထမင်လျှော့စားရတဲ့ အနေအထားထိ ရောက်နေပြီလို့ ကရင်နီစစ်ဘေးဒုက္ခသည် အရေးကူညီပေးနေသူတစ်ဦးက ပြောပါတယ်။
“နန့်ဖဲရွာက မဲ့စလောင်းတောင်မှာ တိုက်ပွဲတွေဖြစ်နေတယ်။ စစ်ကောင်စီဘက်က စစ်ကြောင်းလည်း ထိုးနေတော့ တိုက်ပွဲကဖြစ်နေတာ။ လမ်းမကြီးအတိုင်းက ရိက္ခာသယ်လို့ မရဘူး။ ရွာလမ်းတောင်ပေါ် လမ်းတွေကနေ သွားရတာ။ ဆန်တစ်အိတ် ရဖို့ကို ဆိုင်ကယ်နဲ့ လူနဲ့ အဆင့်ဆင့်သယ်နေရတာ။အခုက သူတို့ရှိတာနဲ့ မျှစားနေရ တာပေါ့ တချို့မိဘတွေကတော့ ထမင်းလျှော့စားနေရတာပေါ့”
ဒေသခံတွေက တောင်ယာစပါးကို အဓိကအားထားစိုက်ပျိုးကြပြီး လက်ရှိမှာတော့ တိုက်ပွဲတွေကြောင့် စိုက်ပျိုးတာတွေ မလုပ်နိုင်ဘူးလို့လည်း သူက ဆိုပါတယ်။
နန့်ဖဲကျေးရွာအုပ်စု အပါအဝင် ဒီးမောဆို-ဖရူဆို လမ်းပိုင်းမှာရှိတဲ့ ရွာပေါင်း ၂၀ ကျော်က ဒေသခံတွေနဲ့ ဒုက္ခသည် စုစုပေါင်း လေးသောင်းဝန်းကျင်ဟာလည်း စားသောက်ကုန်တွေ ပြတ်လပ်တော့မယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အလားတူပဲ ဖားဆောင်းမြို့နယ် မော်ချီးမြို့မှာတော့ ကုန်ကားတွေ မလာတာကြောင့် စားသောက်ကုန်တွေ အဆမတန်ဈေးတက်ကုန်တယ်လို့ ကရင်နီအမျိုးသမီးအစည်းအရုံး အတွင်းရေးမှူး (၂) မော်ဖရေးမြာက ပြောပါတယ်။
“မော်ချီးဘက်က ပိုပြီးမှ ခက်ခဲမယ်လို့ ပြောရမှာပေါ့။ ကုန်ဈေးနှုန်းက အပေါ်ကနေ သယ်ရတဲ့ အနေအထားမျိုးမှာ လွိုင်ကော်နဲ့ ဖရူဆို လမ်းပိတ်တယ်။ ဖရူဆိုကနေ မော်ချီးအောက် ဆင်းရမယ့်လမ်းလည်း ပိတ်တယ်။ အဲလိုဆိုတော့ ကုန်ကားက သယ်ဆင်းလို့ မရဘူးပေါ့နော်။ ဆိုတော့အောက်က လူထုက ဆန်တွေလည်း ဘယ်ကမှ ဝယ်လို့မရဘူး။ နယ်စပ်ဘက်ကလည်း လမ်းကြောင်းပိတ်တဲ့အနေအထားမှာ ဝယ်လို့မရတာလည်းရှိတယ်။ ကုန်ဈေးနှုန်း တက်တာလည်း ပါတာပေါ့နော်”
ဒီကိစ္စတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ကယားပြည်နယ် ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမြင့်ကြည်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ပြန်လည်ဖြေဆိုတာ မရှိသေးပါဘူး။
ကယားပြည်နယ်မှာ အာဏာသိမ်းပြီးနောက်ဖြစ်ခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာရတဲ့ ဒုက္ခသည် ၂၅၀၀၀၀ ကျော်အထိရှိနေတယ်လို့ ဒေသခံတွေနဲ့ ဒုက္ခသည်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။