ကယားမှာ ကုလသမဂ္ဂရဲ့အကူအညီ အပြည့်အဝမရသေးကြောင်း ဒုက္ခသည်တွေပြော

ကယားပြည်နယ်မှာ အာဏာသိမ်းပြီးနောက် ဖြစ်ပွားလာတဲ့ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူ နှစ်သိန်းနီးပါးရှိနေပြီး အများစုဟာ ကုလသမဂ္ဂရဲ့ အကူအညီတွေကို မရကြဘူးလို့ ဒုက္ခသည်တွေနဲ့ ဒုက္ခသည်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။

ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ်က စစ်ဘေးဒုက္ခသည်တွေဟာ ဒီနေ့အထိ နိုင်ငံတကာရဲ့ အကူအညီတွေကို မရကြသေးဘူးလို့ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ဘေး ဒုက္ခသည် အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“WFP ရော၊ UN ရော ဘာမှမကြားဖူးသေးပါဘူး။ အရင်က တခြား အရင်လတုန်းက လာလှူတဲ့သူ ရှိဖူးပါတယ်။ အဲဒီအဖွဲ့တော့ လာလှူတာ မရဖူးသေးပါဘူး။ ဒီမှာလည်း တခြား အလှူရှင်က ပေးထားတဲ့ စားစရာလည်း မရှိတော့ဘူးပေါ့”

တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူတွေဟာ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ တခြား တိုင်းနဲ့ ပြည်နယ်တွေဘက်ကိုပါ ရောက်ရှိနေကြပြီး အများစုကတော့ တောထဲ တောင်ထဲက ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြရတယ်လို့ ဒေသခံအရပ်ဘက်အဖွဲ့တွေက ပြောပါတယ်။

အဲဒီအထဲက ဒုက္ခသည်အများစုက နိုင်ငံတကာရဲ့ အကူအညီနဲ့ အလှမ်းဝေးနေကြတာလို့ မေလ ၃၀ ရက်နေ့က ပြုလုပ်တဲ့ ကရင်နီပြည်နယ်ရဲ့ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကျပ်အတည်း သတင်းစာရှင်းလင်းပွဲမှာ လူသားချင်းစာနာထောက်ထားမှု ကော်မတီ KSCC ပြောရေးဆိုခွင့်ရှိသူ ကိုဗညားက ပြောဆိုပါတယ်။

ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ် (WFP) ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေ ကိုယ်စားလှယ် Mr.Stephen Anderson ကတော့ အကူအညီ လိုအပ်နေသူအားလုံးအတွက် ဆက်လက်ကြိုးစားနေတယ်လို့ RFA ကို ဇွန်လ ၄ ရက်နေ့က ပြောပါတယ်။

“ပဋိပက္ခဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။ ကျနော်တို့ လက်လှမ်းမမီနိုင်သေးတဲ့ နေရာတွေ အများကြီးရှိသေးတယ်ဆိုတာ ကျနော်တို့ သိပါတယ်။ ကယားပြည်နယ်အတွင်းသာမက အခြားလိုအပ်ချက်ရှိတဲ့နေရာတိုင်းက အကူအညီလိုအပ်သူအားလုံးဆီ သွားရောက်ကူညီ နိုင်ဖို့ ကျနော်တို့ မရပ်မနား ဆက်လက်ကြိုးစားသွားမှာပါ”

ဒုက္ခသည်တွေအတွက် WFP ရဲ့ အထောက်အပံ့တွေဟာ ကနဦးအဆင့်သာဖြစ်ပြီး တစ်ဖက်မှာလည်း ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်း စတဲ့ ဒေသတွေမှာလည်း အရေးတကြီး လိုအပ်ချက်တွေ ရှိနေတယ်ဆိုတာ သိပေမယ့် သွားရောက်ကူညီဖို့အတွက် အကန့်အသတ်ရှိနေတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ WFP အနေနဲ့ သွားရောက်ကူညီဖို့ ခွင့်ပြုချက်ရရှိပြီဆိုတာနဲ့ အထောက်အပံ့တွေကို ချက်ချင်းဖြန့်ဝေပေးသွားနိုင်ဖို့ လိုအပ်တဲ့ဒေသတွေနဲ့ အနီးအနားနေရာတွေမှာ အရေးပေါ် စားနပ်ရိက္ခာတွေကို အသင့်နေရာ ချထားပြီးဖြစ်တယ်လို့လည်း ပြောပါတယ်။

ကယားပြည်နယ်မှာတော့ ပြီးခဲ့တဲ့ မေလက လွိုင်ကော်မြို့ပေါ်မှာရှိတဲ့ လူဦးရေ ရှစ်သောင်း နဲ့ ရှမ်းပြည်နယ် တောင်ပိုင်းကိုရောက်ရှိနေတဲ့ ကယားပြည်နယ်က ဒုက္ခသည် ခုနစ်ထောင် လောက်ကို အရေးပေါ်စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးခဲ့တယ်လို့ ဆိုပါတယ်။

ဒုက္ခသည်တွေအတွက် ဆန်၊ ပဲ၊ ဆီနဲ့ ဆား စတဲ့ အခြေခံရိက္ခာ တစ်လစာနဲ့ အသက်ငါးနှစ် အောက် ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေကိုလည်း အာဟာရချို့တဲ့မှု အန္တရာယ်ကနေ ကာကွယ်နိုင်အောင် အာဟာရမှုန့်တွေကို ပံ့ပိုးပေးခဲ့တယ်လို့ WFP က ပြောပါတယ်။