ကယားမှာ စစ်ဘေးဒုက္ခသည် နှစ်သောင်းကျော် စားနပ်ရိက္ခာနဲ့ ဆေးဝါး ပြတ်လပ်နေ

RFA Burmese
2024.08.30
ကယားမှာ စစ်ဘေးဒုက္ခသည် နှစ်သောင်းကျော် စားနပ်ရိက္ခာနဲ့ ဆေးဝါး ပြတ်လပ်နေ ကယားပြည်နယ်အတွင်းမှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ် မတ်လ ၂၈ ရက်နေ့က တွေ့ရစဉ်။
ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်း စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကော်မတီ

ကယားပြည်နယ်အတွင်းက စစ်ဘေးဒုက္ခသည် နှစ်သောင်းကျော်ဟာ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ ပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရတယ်လို့ ဒုက္ခသည်အရေး ကူညီဆောင်ရွက်ပေးနေသူတွေက RFA ကို ဩဂုတ် ၃၀ ရက် ဒီနေ့မှာ ပြောပါတယ်။

စစ်ရှောင်ကာလကြာမြင့်လာတာကြောင့် ဒုက္ခသည်အရေအတွက်များတဲ့ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းနဲ့ ဖရူဆိုမြို့နယ်တွေက စစ်ဘေးဒုက္ခသည်တွေဟာ စားနပ်ရိက္ခာကျပ်တည်းမှုကို ပိုပြီးကြုံတွေ့ နေတယ်လို့ ဆိုပါတယ်။

နိုင်ငံတကာရဲ့ ထောက်ပံ့ကူညီမှုတွေ အကန့်အသတ်ရှိလာတာနဲ့ စစ်ကောင်စီက ပြည်နယ်ဝင်ပေါက် ထွက်ပေါက်တွေကို ပိတ်ဆို့ထားလို့ ကုန်စျေးနှုန်းမြင့်တက်လာတာကြောင့် စားနပ်ရိက္ခာဝယ်ယူဖို့ ခက်ခဲကျပ်တည်းလာတာလို့ ဒုက္ခသည်အရေး ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

လက်ရှိမှာ အရပ်ဘက်အဖွဲ့အစည်းတွေအနေနဲ့လည်း စစ်ဘေးဒုက္ခသည်တွေအတွက် အရေးပေါ် ဆန်တစ်မျိုးတည်းကိုပဲ ပံ့ပိုးနိုင်တော့တယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး (၂) ကိုဗညားက RFA ကို ပြောပါတယ်။

“တချို့ပရဟိတအသင်းတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ဒီဘာသာရေးအဖွဲ့အစည်းတွေကလည်း သူတို့ရဲ့ နေရာအလိုက် နိုင်သလောက်ပေါ့နော် အရေးပေါ်ဆန်လောက်ပဲ ပံ့ပိုးနိုင်တော့တာပေါ့နော်။ ကျွန်တော်တို့ (IEC) ရဲ့ ဌာနကလည်း အတူတူပဲ။ အခုချိန်အထိ တစ်ခေါက် ပံ့ပိုးရင် နှစ်ပတ်စာလောက်ပဲ ခြုံငုံပြီး ပံ့ပိုးနိုင်တော့တာပေါ့“

တချို့နေရာတွေမှာ စစ်ဘေးဒုက္ခသည်အတွေအနေနဲ့ စိုက်ပျိုးနိုင်တဲ့မြေနေရာမရှိတာနဲ့ အလုပ်အကိုင် အခွင့်အလမ်းမရှိတာတွေကြောင့် စားနပ်ရိက္ခာမလုံလောက်တဲ့ အခက်အခဲနဲ့ ရင်ဆိုင်နေရတာလို့ သူက ဆိုပါတယ်။

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က ကောက်ယူထားတဲ့စာရင်းတွေအရ ကယားပြည်နယ်မှာ စစ်ဘေးဒုက္ခသည်စခန်း လေးရာကျော် (၄၂၀) နဲ့ စစ်ဘေးဒုက္ခသည်က နှစ်သိန်းနီးပါး ရှိနေပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ ကယားပြည်နယ်ပြောခွင့်ရသူ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇာနည်အောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံမဖြေဆိုပါဘူး။

မြန်မာနိုင်ငံမှာ ကလေးခြောက်သန်းအပါအဝင် လူ ၁၈ ဒသမ ၆ သန်းလောက် လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ် အကူအညီလိုအပ်နေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က သြဂုတ် ၁၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။