စစ်ကောင်စီက ကားလမ်းတွေပိတ်ထားလို့ ကယားဒုက္ခသည်တွေ စားနပ်ရိက္ခာခက်ခဲနေ

စောဖိုးခွား (ဝါရှင်တန် ဒီစီ)
2021.05.30

ကယားပြည်နယ်ထဲမှာ ကရင်နီပြည်သူ့ကာကွယ်ရေးတပ် KPDF နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအကြား တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်ရတဲ့ စစ်ဘေးဒုက္ခသည် ပြည်သူ ငါးသောင်းကျော်ရှိတယ်လို့ အကူအညီ ပေးသူတွေက ပြောပါတယ်။

လတ်တလောမှာ စစ်ကောင်စီက ကားလမ်းတွေ ပိတ်ဆို့ထားတာကြောင့် ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာ သယ်ပို့နိုင်ရေး ခက်ခဲနေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မေ ၂၂ ကစပြီး လွိုင်ကော်၊ ဒီးမော့ဆိုနဲ့ ရှမ်းပြည်နယ် မိုးဗြဲမြို့တွေမှာ ကရင်နီပြည်သူ့ကာကွယ်ရေး တပ်နဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး စစ်ကောင်စီကနေ အင်တာနက်၊ တယ်လီဖုန်း စတဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေ ပိတ်လိုက်တဲ့အပြင် အဝေးပြေးလိုင်းကားတွေကိုပါ မနေ့ကစပြီး ဖြတ်သန်းခွင့် မပေးတော့ပါဘူး။

ဒါ့အပြင် မေ ၂၃ ရက်နေ့ကစပြီး လွိုင်ကော်မြို့ကိုလည်း စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ် ကြေညာထားလိုက် ပါတယ်။

ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည်အများစုဟာ တောတွေထဲမှာ ပုန်းနေကြရတာကြောင့် စားသောက်ဖို့ ခက်ခဲတာ၊ မိုးရွာတဲ့အခါ အမိုးအကာ မလုံလောက်တာတွေကြောင့် ကျန်းမာရေး ထိခိုက်လာကြတယ်လို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေသူ လုံခြုံရေးအရ နာမည်မဖော်လိုတဲ့ ဒီးမော့ဆိုဒေသခံ အမျိုးသမီး တစ်ယောက်က ပြောပါတယ်။

"စားစရာတွေကလည်း မရှိတော့ဘူး။ အချို့နေရာတွေမှာ တကယ့် တောထဲတွေကျ စားလို့အဆင်မပြေဘူး။ ကလေးတွေဆိုရင် ဒီအတိုင်း သစ်ဥ၊ သစ်ဖုလေးတွေ ရှာပြီး စားနေရတယ်လို့လည်း သတင်းကြားတယ်။ ကလေးတွေလည်း ဖျားတယ်။ ချောင်းဆိုးတယ်၊ နှာစေးတယ်ပေါ့နော်။ အခုလောလောဆယ် လသား ကလေး ဆုံးသွားတယ်လို့ ကြားရလို့ စိတ်မကောင်းဘူး။ မိုးကလည်း ပြီးခဲ့တဲ့ တစ်ရက်၊ နှစ်ရက်က တော်တော် ရွာတယ်။ မိုးကာတွေကလည်း အများကြီးမပါတော့ မလုံခြုံဘူး"

တိုက်ပွဲတွေကြား လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေလို့ အိမ်တွေမှာ မနေရဲတော့တဲ့ လွိုင်ကော်မြို့ ဒေသခံတွေ ကလည်း ထွက်ပြေးတိမ်းရှောင်လာတာတွေ ရှိနေပါတယ်။

စစ်ဘေးဒုက္ခသည်တွေထားတဲ့ ကျောင်းတွေ၊ ဓမ္မာရုံတွေမှာလည်း လူတွေပြည့်ကျပ်နေလို့ မဆံ့တော့တဲ့ အတွက် တောင်စောင်းတွေမှာ တဲထိုးပြီး နေကြရတဲ့သူတွေ ပိုများလာပါတယ်။ ဒီကြားထဲ မိုးရွာလာပြန်တော့ နေရာကို မကြာခဏ ရွှေ့ပြောင်းနေကြရပါတယ်။

"သက်ကြီးရွယ်အိုနဲ့ ကလေးတွေ ကျန်းမာရေးလည်း မကောင်းကြဘူး။ လက်ရှိအနေအထားနဲ့ဆိုရင် အငတ်ဘေးနဲ့ ရင်ဆိုင်ရမယ့် လက္ခဏာတွေ ပေါ်နေတယ်"

အခုဆိုရင် စားသောက်ဖို့ ရိက္ခာနည်းနေပြီမို့ အငတ်ဘေး ကျရောက်နိုင်တဲ့ လက္ခဏာတွေ တွေ့နေရပြီလို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ဒီးမော့ဆိုမြို့နယ်က ဦးပလန်က ပြောပါတယ်။

"ကျွန်တော်တို့ပြည်နယ်ကို ၈၈ က ဖြစ်ခဲ့သလို ဖြတ်လေးဖြတ်နဲ့ သူတို့လုပ်နေတယ်။ အဓိက စိုးရိမ်တာက ဒုက္ခသည်တွေအတွက်ပဲ။ အခုမိုးကျနေတယ်။ လုံခြုံမှုအတွက် သူတို့မှာ အမိုးတွေ၊ အကာတွေ လိုအပ်တယ်။ ဆေးဝါးတွေ လိုအပ်တယ်။ မိုးကာတွေ၊ ခြင်ထောင်တွေ လိုအပ်တယ်။ အစားအသောက် အတွက် တောတွင်းမှာတော့ တစ်ပတ်စာလောက်တော့ လုံလောက်နိုင်သေးတယ်။ သက်ကြီးရွယ်အိုနဲ့ ကလေးတွေ ကျန်းမာရေးလည်း မကောင်းကြဘူး။ လက်ရှိအနေအထားနဲ့ဆိုရင် အငတ်ဘေးနဲ့ ရင်ဆိုင် ရမယ့် လက္ခဏာတွေ ပေါ်နေတယ်။"

စစ်ကောင်စီတပ်တွေက ကယားပြည်နယ်ကနေ တခြားဒေသဘက်အထွက်ကိုသာ လက်ခံပြီး အဝင်ကို လက်မခံတော့ဘဲ လမ်းပန်းဆက်သွယ်ရေးတွေကို ဖြတ်တောက်ထားပါတယ်။

စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးဖို့ တခြားနီးစပ်တဲ့ မြို့နယ်တွေကနေ လာတဲ့အလှူရှင်တချို့လည်း လမ်းတစ်ဝက်မှာ ကယားပြည်နယ်ထဲ ဝင်လို့မရ ဖြစ်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်တွေကို ပြန်ခုခံနေတဲ့ ကယားပြည်နယ်၊ လွိုင်ကော်နဲ့ ဒီးမော့ဆိုမြို့က စစ်ဘေးဒုက္ခသည်တွေ ထဲက သက်ကြီးရွယ်အိုနဲ့ ကလေးတွေမှာ ဝမ်းပျက်ဝမ်းလျော၊ နှာစေးချောင်းဆိုး၊ ယားနာနဲ့ ဒဏ်ရာရထားတဲ့သူ တချို့ ရှိနေကြပါတယ်။

injured-child-kayah.jpg
(အာဏာသိမ်းစစ်ကောင်စီတပ်တွေ လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ဒဏ်ရာရရှိသွားတဲ့ ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်က ကလေးငယ်တစ်ဦးကို တွေ့ရစဉ်၊ Photo: CJ)

စားနပ်ရိက္ခာတွေ လိုအပ်နေတာအပြင် ဆေးဝါးကုသဖို့ လိုအပ်နေတဲ့အတွက် သွားရောက်ကူညီပေးဖို့ ကြိုးစား နေပေမယ့် ကယားပြည်နယ်ထဲကို ဝင်ခွင့်ပိတ်ထားတာကြောင့် သွားမရဖြစ်နေတယ်လို့ ဆေးအကူညီပေးဖို့ စီစဉ်နေတဲ့သူတစ်ယောက်က RFA ကို ပြောပါတယ်။

"ဆေးအကူအဖွဲ့ပါတယ်။ ရိက္ခာရယ်၊ ဆေးပစ္စည်းရယ်၊ ဆေးကုမယ့် အဖွဲ့ရယ်၊ နောက်ပြီး Volunteer လုပ်ပေးမယ့် ယောက်ျားလေးတွေ ပါမယ်။ ကျနော်တို့ သွားဖို့စီစဉ်နေတာ အခုထိတော့ သွားလို့ မရသေး ဘူး။ အစောပိုင်းတုန်းက လိုင်းကားတွေ ထွက်တယ်၊ အခု ဒီ တစ်ရက်၊ နှစ်ရက်အတွင်းမှာတင်ပဲ လိုင်းကား တွေ ပိတ်သွားပြီး ကားတွေမထွက်လို့ သွားလို့မရသေးဘူး"

ပြီးခဲ့တဲ့ မေ ၂၇ ရက်က ဒီးမော့ဆိုမြို့က စစ်ဘေးဒုက္ခသည် ပြည်သူတွေအတွက် ရိက္ခာပြန်သယ်တဲ့ လူငယ် နှစ်ဦးကို စစ်ကောင်စီဘက်က လမ်းမှာ ပစ်သတ်လိုက်တယ်လို့ ဒုက္ခသည်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။

ကယားပြည်နယ်ကို လမ်းပန်းဆက်သွယ်ရေး ဘာကြောင့်ပိတ်ဆို့ထားလဲဆိုတာ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဖုန်းဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် ဖုန်းဆက်သွယ်လို့ မရသေးပါဘူး။

ပြီးခဲ့တဲ့ နှစ်ရက်အတွင်းမှာ စစ်ကောင်စီနဲ့ KPDF တို့ အပြင်းအထန် တိုက်ပွဲဖြစ်တာမျိုးမရှိပေမယ့် စစ်ကောင်စီ ဘက်က ပစ်ခတ်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ကယားနဲ့ ရှမ်းပြည်နယ်အစပ် ပီကင်းကောခူကျေးရွာ ဒေသခံတစ်ယောက်က စစ်ကောင်စီဘက်က ဆက်လက် ပစ်ခတ်နေတာကြောင့် ရွာတွေမှာ မလုံခြုံတဲ့အတွက် ရွာမပြန်ရဲကြတော့ဘူးလို့ ပြောပါတယ်။

"အခုရွာကို မပြန်ရဲဘူး။ ရွာမှာတော့ လူငယ်တွေ နည်းနည်းလောက်ပဲ ကင်းချထားတယ်။ ရွာမှာ လုံခြုံ စိတ်ချရတဲ့ အနေအထား မရှိသေးတဲ့အတွက် ကင်းချထားရတယ်။ မနေ့ညကလည်း ရွာပတ်ဝန်းကျင် နားမှာ လက်နက်ကြီးတွေနဲ့ ပစ်တယ်။"

ပြီးခဲ့တဲ့ မေ ၂၄ ရက်က စပြီး ကယားပြည်နယ် လွိုင်ကော်၊ ဒီးမော့ဆို၊ ဒေါငံခါး၊ ၆ မိုင်၊ ဖရူဆို၊ ဘောလခဲ၊ ငွေတောင်ဆည်၊ ငွေတောင်ရွာ၊ ကယန်းသာယာ၊ ဝါရီခေါခူ၊ ကုန်းသာနဲ့ ပန်းကန်တွေမှာ တိုက်ပွဲတွေ ဖြစ်ခဲ့ပြီး ကယားနဲ့ ရှမ်းပြည်နယ်အစပ် ပီကင်းကောခူ၊ မိုးဗြဲ၊ ဖယ်ခုံနဲ့ တောင်ပို့ကွဲရွာတွေမှာ စစ်ကောင်စီတပ်တွေ ဝင်လာတဲ့အတွက် တိုက်ပွဲတွေ ဖြစ်ခဲ့တဲ့အကြောင်း၊ မေ ၂၃ ရက် တိုက်ပွဲမှာ ရဲ ၁၅ ယောက် သေဆုံးခဲ့ပြီး KPDF ဘက်မှ တစ်ယောက် ကျဆုံးတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က မေ ၂၄ ရက်မှာ သူ့ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ ထုတ်ပြန်ထားပါတယ်။

ထွက်ပြေးတိမ်းရှောင်နေရသူတွေထဲမှာ မွေးကင်းစအရွယ်ကနေ အသက် ၉၀ ကျော် သက်ကြီးရွယ်အိုတွေ ပါဝင်ပြီး ဆေးဝါး၊ ရေ၊ နေရာထိုင်ခင်းနဲ့ အစားအစာ အထူးလိုအပ်နေတဲ့အကြောင်း၊ ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်အစပ် မြို့နယ်တွေမှာ နိုင်ငံရေးနဲ့ဆက်စပ်ပြီး ဖမ်းဆီးခံရသူ ၁၃၅ ယောက်၊ သေဆုံးသူ ၇ ယောက် ၊ ရှမ်းပြည်နယ် တောင်ပိုင်း ဖယ်ခုံမှာတော့ အဖမ်းခံထားရတာ အယောက် ၂၀ ဝန်းကျင်ရှိတယ်လို့ NUG ရဲ့ လူ့အခွင့်အရေး ဝန်ကြီးက ပြောပါတယ်။

စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေအကြား ဖြစ်ပွားတဲ့ ပဋိပက္ခတွေကြောင့် နေအိမ် စွန့်ခွာ ထွက်ပြေးရသူ တစ်သိန်းနှစ်သောင်းကျော်အထိ ရှိသွားပြီလို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က သောကြာနေ့က သတင်းထုတ်ပြန်ထားပါတယ်။

ဖေဖော်ရီလ ၁ ရက်နေ့က စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကချင်၊ ကရင်၊ ချင်း၊ ကယားနဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းတွေမှာ စစ်ရေးပဋိပက္ခတွေ တိုးလာနေပြီး၊ မြန်မာနိုင်ငံ အရှေ့တောင်ပိုင်း၊ ထိုင်းနိုင်ငံနယ်စပ် တစ်လျှောက်မှာ စစ်ပြေးဒုက္ခသည် ၈၅၉၀၀၊ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ၁၅၀၀၀ နဲ့ ကချင်နဲ့ ချင်းပြည်နယ် တွေမှာ နှစ်သောင်းကျော်စီရှိတယ်လို့လည်း UNHCR အဖွဲ့ရဲ့ အဲဒီအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။