ကယားပြည်နယ်က တက္ကသိုလ်နဲ့ကောလိပ်ကျောင်း ၅ ကျောင်းက ကျောင်းဆောင်တွေ ၊ ဆရာ / ဆရာမတွေနေ ထိုင်တဲ့ အိမ်ယာတွေနဲ့ ကျောင်းသားတွေ အတွက် သင်ထောက်ကူပစ္စည်းတွေကို ပညာရေးဝန်ကြီးဌာန က ထောက်ပံ့ဖြည့်ဆည်းပေးသွားမယ်လို့ ပညာရေးဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးက ဒီကနေ့ ပြောလိုက်ပါတယ်။
လွိုင်ကော်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာကျင်းပတဲ့ တက္ကသိုလ်နဲ့ကောလိပ်ကျောင်းပညာရေး ဝန်ထမ်းတွေ နဲ့တွေ့ဆုံပွဲမှာ ဝန်ကြီးဒေါက်တာမျိုးသိမ်းကြီး က ပြောလိုက်တာဖြစ်ပါတယ်။
"ကျောင်းဆောင်တွေ ပျက်တာတွေအပြင် ကျောင်းသား ကျောင်းသူတွေရဲ့ အိပ်ဆောင်တွေ၊ ဝန်ထမ်းတွေ ဆရာ ဆရာမတွေရဲ့ အိပ်ယာတွေ၊ သင်ထောက်ကူပစ္စည်းတွေ၊ စာကြည့်တိုက်နဲ့ ပတ်သက်တဲ့ ပစ္စည်းတွေ ဒါတွေကို ကျနော်တို့ ပညာရေးဝန်ကြီးဌာနအနေနဲ့ အကောင်းဆုံးစဉ်းစားပြီးတော့မှ ပြည်နယ်အစိုးရ အဖွဲ့တွေနဲ့ ကျနော်တို့ဟာ ပူးပေါင်းပြီးတော့ အကောင်းဆုံးစဉ်းစားပြီးတော့ ဆက်လက်ဖြည့်ဆည်း ဆောင် ရွက်ပေးသွားမယ် ဆိုတာလေးကို ကျနော် ဒီနေရာမှာ အလေးအနက်ထားပြီးတော့ တင်ပြအပ်ပါတယ်"
တွေ့ဆုံပွဲမှာ ပညာရေးဝန်ထမ်းတွေဘက်က သုသေသနဗဟိုပြုတက္ကသိုလ်ကို ကယားပြည်နယ်မှာ ဖွင့် လှစ်ပေးဖို့တောင်းဆိုခဲ့ပြီး ဒီကိစ္စအတွက် ညှိုနှိုင်းတိုင် ပင်နေပြီဖြစ်တယ်လို့ အဆင့််မြင့်ပညာရေးဦးစီး ဌာန ညွန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက ပြန်လည်ဖြေကြားခဲ့ပါတယ်။
ပညာရေးဝန်ကြီးဟာ နည်းပညာတက္ကသိုလ်နဲ့အစိုးရနည်းပညာ အထက်တန်းကျောင်းတွေကိုလည်း သွားရောက်လေ့လာခဲ့ပြီး ကျောင်းဆောင်တွေပျက်စီးနေ တာတွေကို ပြည်နယ်အစိုးရက ပြန်လည် ပြုပြင်ပေး ဖို့ ပြောခဲ့ပါတယ်။
ကယားပြည်နယ်မှာ လွိုင်ကော်တက္ကသိုလ်အပြင်၊ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်နဲ့ ပညာရေးကောလိပ်ကျောင်း စတဲ့ကျောင်းတွေရှိကာ ဆရာ/ဆရာမပေါင်း ၅၀၀ ကျော်ရှိပြီး ကျောင်း သား / ကျောင်းသူ သုံးထောင်ဝန်းကျင်လောက် ပညာသင်ယူနေကြပါတယ်။
