စံမမီတဲ့ ဆောက်လုပ်ရေးတွေ နာမည်ပျက်စာရင်းသွင်းဖို့ လွှတ်တော်ဥက္ကဌ တိုက်တွန်း

ဝန်ကြီးဌာနတွေရဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ စံချိန်မမှီတဲ့ ဆောက်လုပ်ရေးကုမ္ပဏီတွေအပြင် ကုမ္ပဏီရဲ့ တာဝန်ရှိလူပုဂ္ဂိုလ်အမည်တွေကိုပါ နာမည်ပျက်စာရင်းသွင်းပြီး သတင်းစာမှာ ထည့်သွင်းကြေညာဖို့ လိုအပ်ကြောင်း အမျိုးသား လွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်က အမျိုးသား လွှတ်တော်မှာ တိုက်တွန်းပြောဆိုခဲ့ပါတယ်။

ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ ပတ်သက် တဲ့မေးခွန်းတွေကို ဒုတိယဝန်ကြီး ဦးစိုးတင့်က အမျိုးသားလွှတ်တော်မှာ လာရောက်ဖြေဆိုအပြီး လွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်က အခုလိုပြော ဆိုလိုက်တာ ဖြစ်ပါတယ်။

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦစိုးတင့်က ဝန်ကြီးဌာနတချို့က ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ မမှန်မကန်လုပ်တာတွေ စစ်ဆေးတွေ့ရှိရတဲ့အတွက် ပြည်ထောင်စုအစိုးရအဖွဲ့ကို တင်ပြပြီး အပြစ်ပေး အရေးယူသွားမှာဖြစ်ကြောင်း တင်ပြခဲ့ပါတယ်။

"ဝန်ကြီးဌာနပေါင်းစုံကတော့ ကျနော်တို့ဆောင်ရွက်တဲ့အခါမှာ ဆောက်လုပ်ရေးလုပ်ငန်းတွေဟာ စံချိန်စံညွန်မမီဘဲနဲ့ ကျနော်တို့ ဥက္ကဌကြီး အမိန့်ရှိခဲ့သလိုပဲ ဆီးသီးဗန်းမှောက်တယ်ဆိုတဲ့ကိစ္စဖြစ်ပြီးတော့ ကျနော်တို့ တစ်ပြည်လုံး လိုက်စစ်ရတဲ့ဘဝမျိုးရောက်ပါတယ်၊ အခုလည်း ဒုတိယအကြိမ် လိုက်စစ်ရမှာပါ၊ ဒီတော့လိုက်စစ်တဲ့အခါမှာ ကျနော်တို့တွေ့ရှိချက်တွေရှိပါတယ်၊ ဒီတွေ့ရှိချက်တွေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ကို တာဝန်ပေးစေခိုင်းတဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ကို ကျနော်တို့ အစီရင်ခံစာ တင်ထားပြီးဖြစ်ပါတယ်၊ ဒါ ပြည်ထောင်စုအစိုးရအဖွဲ့က ညွှန်ကြားတဲ့အတိုင်း ကျနော်တို့ ဆက်လက်ပြီးတော့ အရေးယူဆောင်ရွက်သွားမှာဖြစ်ပါကြောင်း လေးစားစွာတင်ပြအပ်ပါတယ်"

ပြီးခဲ့တဲ့ရက်ပိုင်းက ပြည်ထောင်စုလွှတ်တော်မှာ ပြည်ထောင်စုဝန်ကြီးဌာနတွေအနေနဲ့ အစိုးရစီမံကိန်းတွေ အကောင်အထည်ဖော်ရာမှာ ငွေကြေးကိုမှန်မှန်ကန်ကန်သုံးစွဲဖို့နဲ့ မမှန်မကန်သုံးစွဲမှုတွေကို အရေးယူဖို့ တိုက်တွန်းကြောင်းအဆိုကို အတည်ပြုထားပါတယ်။

အစိုးရဘတ်ဂျက်ငွေကြေးနဲ့ ဆောက်လုပ်နေတဲ့ ဆေးရုံ၊ ဆေးခန်း၊ စာသင်ကျောင်း၊ အဆောက်အဦးတွေနဲ့ လမ်းတံတားတွေမှာ အရည်အသွေးမပြည့်မီတာတွေတွေ့ရှိရင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ လွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်ထံ အချက်အလက်တွေပေးပို့ကြဖို့ ဦးခင်အောင်မြင့်က ညွှန်ကြားချက်ထုတ်ပြန် ထားပါတယ်။