ဖားကန့်မှာ တပ်မတော်နဲ့ KIA တို့ တိုက်ပွဲပြင်းထန်

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာရှိတဲ့ တပ်မ (၃၃) ရဲ့ ဗျူဟာကုန်းမှာ ဧပြီ ၁၈ ရက်၊ မနေ့ည ၈ နာရီ အချိန် လောက်ကစပြီး တပ်မတော်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ အနီးမှာနေထိုင်တဲ့ ဒေသခံတွေကပြောပါတယ်။

အဲဒီဗျူဟာကုန်းပေါ်က ပစ်ခတ်သံတွေဟာ ဒီနေ့မနက်အထိ ကြားနေရဆဲဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“တပ်မ (၃၃) ထိုင်တဲ့ မြို့ထဲက ဗျူဟာကုန်းပေါ်ကနေ လက်နက်ကြီးသံတွေရော ၊ သေနတ်ပစ်သံတွေရော ည (၁) နာရီလောက်ထိ ဆူညံနေတာပါ။ အခုမနက်ပိုင်းထိလဲ နှစ်ဘက် ပစ်ခက်နေတဲ့ အသံတွေ ကြားနေရတယ်။”

တစ်ချိန်တည်းမှာပဲ ဖားကန့်မြို့ရဲ့ အရှေ့ဘက် (၇) မိုင်လောက် အကွာမှာရှိတဲ့ တပ်မတော်ဗျူဟာကုန်းရှိတဲ့ အောင်ဘာလေ၊ ကံဆီးရွာတွေဘက်မှာလည်း မနေ့ညကစပြီး ဒီနေ့ မနက်ခင်းထိ တပ်မတော်နဲ့ KIA တပ်မ (၉) လက်အောက်ခံ တပ်ရင်း (၆) တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံကျေးရွာသားတွေက ပြောပါတယ်။

တိုက်ပွဲကြောင့် လက်နက်ကျည်တွေ ရွာထဲကို ကျရောက်လာမှာကို စိုးရိမ်နေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အောင်ဘာလေကျေးရွာသားတစ်ဦးက ပြောပါတယ်။

“လက်နက်ကြီးအသံတွေက ရွာထဲကို တုန်ခါသွားတာပဲ အခုထိ။ တစ်ရွာလုံးက ကလေးတွေလည်း အသံတွေကြောင့် အော်ငိုနေကြတယ်။ ဘယ်ချိန်ရွာထဲ လက်နက်ကြီးတွေ ကျလာမလဲ တစ်ရွာလုံး စိုးရိမ် ကြောက်လန့်နေကြတာ။ လက်နက်ကြီးသံတွေက တော်တော်လေးကို ရွာထဲ ဆူညံနေတာ။”

ဒီနေ့မနက် ၉ နာရီလောက်မှာတော့ တပ်မတော်က တိုက်လေယာဉ်တွေသုံးပြီး ကံဆီးရွာအနီးဝန်းကျင်မှာရှိတဲ့ Taung Gau ဆုတောင်းတောင်တစ်ကြောကို ဗုံးကြဲချခဲ့တာတွေ့ရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

အဲဒီတိုက်ပွဲတွေကြောင့် အောင်ဘာလေနဲ့ ကံဆီးကျေးရွာသားတွေဟာ တစ်ထောင်ခန့်ဟာ နီးစပ်ရာ ရွာထဲက ဘုရားကျောင်းနဲ့ ဘုန်းကြီးကျောင်းတွေမှာ ပုန်းခိုနေရပါတယ်။

ဒီတိုက်ပွဲတွေနဲ့ပတ်သက်လို့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်မဟာ (၉)၊ တပ်ရင်း (၆) က လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အရာရှိတစ်ဦးက တိုက်ပွဲပြင်းထန်နေတယ်ဆိုတာ ဟုတ်မှန်ကြောင်း အတည်ပြုပြောဆိုပါတယ်။

တပ်မတော်ဘက်ကတော့ ဒီနေ့ နေ့လယ်ပိုင်းအထိ တရားဝင်ထုတ်ပြန်တာ မတွေ့ရသေးပါဘူး။