ကချင်ပြည်နယ် မိုးမောက်တိုက်ပွဲ အရပ်သား ခုနစ်ဦး သေဆုံး

ကိုဂျေ(ဝါရှင်တန် ဒီစီ)
2021-04-12
Share

ကချင်ပြည်နယ် မိုးမောက်မြို့နယ်မှာ KIA နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲပြင်းထန်နေပြီး၊ တပ်မတော်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် သံဃာနဲ့ အမျိုးသမီးတွေ အပါအဝင် စုစုပေါင်း ခုနစ်ယောက် သေဆုံး သွားပါတယ်။

မိုးမောက်မြို့နယ် ဆီဟပ်ရွာနားမှာရှိတဲ့ တာဝါတိုင်ကုန်းပေါ်က တပ်မတော်စခန်းတစ်ခုကို ကချင်လွတ် မြောက်ရေးတပ်မတော် KIA က မနေ့ည ၁၁ နာရီလောက်က ဝင်ရောက်သိမ်းပိုက်လိုက်ပါတယ်။ အဲဒီနောက် တပ်မတော်က တိုက်လေယာဉ်တွေနဲ့ မနေ့ညက ၅ ကြိမ်လောက် ဗုံးကြဲတိုက်ခိုက်ခဲ့သလို ဒီနေ့မနက်အစော ပိုင်းမှာလည်း နောက်ထပ် တစ်ကြိမ် လာရောက်ဗုံးကြဲ တိုက်ခိုက်တာ တွေ့ရတယ်လို့ မျက်မြင်ဒေသခံ ကျေးရွာသားတွေက ပြောပါတယ်။

ဒါကြောင့် ရွာတွေထဲကို လက်နက်ကြီးတွေကျပြီး ထိခိုက်သေဆုံးတာလို့ မိုးမောက်ဒေသခံ တစ်ဦးဖြစ်တဲ့ ကိုနိုင်လင်းက RFA ကို ပြောပါတယ်။

“မနေ့ညတုန်းက သိမ်းလိုက်တာ တာဝါတိုင်ကုန်းပေါ့နော။ ဆီဟပ်တောင်ပေါ်ကို သိမ်းလိုက်တာ အဲမှာ တပ်တွေ အားလုံးကလည်း ဝိုင်းထုတာပေါ့။ လက်နက်ကြီးတွေနဲ့ လှမ်းထုတာ မီးချောင်းတွေလို မြင်ရ တယ်။ ဗန်းမော်ဘက်ကလည်း လှမ်းထုတယ်။ တပ်ကုန်းတစ်ခု ကျသွားတဲ့အခါ တပ်ရင်း အားလုံးကနေ ဝိုင်းထုကြတယ်၊ ဝိုင်းသမကြတာပေါ့။ အခုဆိုရင် ရွှေဟင်္သာရွာမှာဆိုရင် သားမိနှစ်ယောက်က သူတို့ အိမ်ကိုကျတာ အိမ်လည်းပျက်စီးတယ်။ သူ့သားကတော့ ပွဲချင်းပြီး သေသွားတယ်ပေါ့နော်။ အမေဖြစ်သူ ကိုတော့ ဆေးရုံကို ပို့လိုက်ရတယ်။ ဆီဟပ်မှာလည်း အဘွားကြီးတစ်ယောက် လက်နက်ကြီးကျပြီးတော့ ပွဲချင်းပြီးပဲ။ နောက်ထပ် ကပ်ကျော်ရွာက ဘုန်းကြီးကျောင်းကိုကျတာ ကျောင်းလည်းပျက်စီးတယ်။ ဆရာတော်ဘုရားလည်း ဆေးရုံကို ပို့လိုက်ရတယ်”

သေဆုံးတဲ့အရပ်သားတွေဟာ ရွှေဟင်္သာနဲ့ ဆီဟပ်ရွာက နှစ်ဦးအပြင် မတ်ကွိုင်ကျေးရွာမှာလည်း ဆရာတော် တစ်ပါးနဲ့ အရပ်သား လေးဦး သေဆုံးခဲ့တာကြောင့် မနေ့ညက သေဆုံးသူဟာ ခုနစ်ဦးထိရှိခဲ့တယ်လို့ ဆိုပါတယ်။

လက်နက်ကြီးတွေဟာ ရွာသားတွေပုန်းနေတဲ့ ဗုံးခိုကျင်းနားတွေအထိ ကျရောက်ခဲ့တယ်လို့ ဆီဟပ်ကျေးရွာက လုံခြုံရေးအရ အမည်မဖော်လို့ ရွာခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

“မနေ့ည ၁၁ နာရီမထိုးခင်မှာ စဖြစ်တာပေါ့။ ညဖြစ်နေတော့ ကျွန်မတို့ကလည်း ထွက်မကြည့်နိုင်ဘူး။ သူတို့က တအားပစ်နေတဲ့အခါကျတော့ ဘယ်လိုမှ အပြင်ထွက်လို့မရဘူး။ ပစ်တာကတော့ ရက်စက်တယ်။ ညသန်းခေါင်မှာ လေယာဉ်နဲ့ ၅ ခါလောက် ဗုံးလာကြဲတယ်။ ဒီနေ့မနက်ပိုင်းမှာ နောက်တစ်ခေါက်လာ ကြဲတယ်။ ကျွန်မတို့ရွာမှာဆို ဘွားတော်တစ်ယောက် ဆုံးသွားတယ်။ အဲဒီဘွားတော်ရဲ့ လက်တစ်ဖက် ကိုတောင် ရှာမတွေ့ဘူး။ အခုလက်ရှိနေတဲ့ အိမ်ရဲ့အောက်က တစ်အိမ်ခြားမှာ လက်နက်ကြီးက လာကျ တာ။ အဲဒီလက်နက်ကြီး အစတွေက ကျွန်မတို့ ပုန်းနေတဲ့နေရာနားကိုထိ လာစင်တယ်”

အနီးအနားကျေးရွာတွေက ဒေသခံတွေဟာ မနေ့ညကနေ ဒီနေ့ နေ့လယ်ပိုင်းအထိ အစာမစားရဘဲ ဗုံးခို ကျင်းတွေထဲမှာ ပုန်းအောင်းနေကြရဆဲဖြစ်သလို အချို့ကလည်း အခြားလုံခြုံမယ့်နေရာတွေဆီကို ထွက်ပြေး တိမ်းရှောင်နေကြတာတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲတွေ ဆက်ဖြစ်နေသေးတာကြောင့် ဒေသခံအကူအညီပေးရေးအဖွဲ့တွေကလည်း ကျေးရွာတွေအထိ သွားရောက်ဖို့ ခက်ခဲနေတယ်လို့ ဆိုပါတယ်။

ကချင်လွတ်မြောက်ရေးတပ်မတော် KIA ကတော့ မနေ့ညက ဆီဟပ်ရွာအနီး တာဝါတိုင်ကုန်းက တပ်မတော် စခန်းကို သိမ်းပိုက်ခဲ့တာကို အတည်ပြုသလို နောက်ထပ် မြို့သစ်ရွာအနီးက ရဲတပ်ရင်း စခန်းတစ်ခုကိုလည်း ထပ်မံသိမ်းပိုက်ခဲ့တယ်လို့ ကချင်လွတ်မြောက်ရေး တပ်မတော် KIA ရဲ့ ပြောခွင့်ရသူ ဗိုလ်မှူးကြီး နော်ဘူက RFA ကို ပြောပါတယ်။

“မနေ့က ဆက်တိုက်ဆိုသလို တိုက်ပွဲဖြစ်ပါတယ်။ တာဝါကုန်းတို့၊ တံတားဦးက ရဲစခန်းတွေကို မနေ့က သိမ်းတာ ရှိပါတယ်တဲ့။ ဒါပေမဲ့ အဲဒီအခြေအနေ အသေးစိတ်ကတော့ မသိသေးဘူး။ အဲဒီမှာတိုက်ပွဲ ဖြစ်တော့ ပတ်ဝန်းကျင်က တပ်မတော်ဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ကူတာ။ လက်နက်ကြီးနဲ့ ပစ်ကူတဲ့ဟာတွေကတော့ ပြည်သူလူထုရဲ့ နေရာတွေမှာကျပြီးတော့ ပေါက်ကွဲတာတွေ လည်းရှိတယ်တဲ့။ တချို့ရွာတွေမှာလည်း ပြည်သူလူထု ထိခိုက်သေဆုံးတာတွေ ရှိတယ်လို့လည်း ပြောကြပါတယ်။ ဒါပေမဲ့ အောက်ခြေက အဓိက အသေးစိတ်ကိုတော့ မသိရသေးပါဘူးခင်ဗျ”

မိုးမောက်မြို့နယ်ထဲမှာ ဆီဟပ်ရွာအပြင် နော့ကုန်း၊ မခွယ်၊ ရွှေဟင်္သာ၊ မြို့သစ် ၊ မက်ကွိုင်၊ ကုန်းလော့၊ နတ်မှော်ချောင်း၊ ရွှေမြောင်းစတဲ့ အနီးတဝိုက်က ကျေးရွာတွေမှာ စစ်ကောင်စီရဲ့ တပ်ရင်းတွေဖြစ်တဲ့ ၃၂၀ ၊ ၃၈၇၊ ၁၄၂၊ ၄၃၈၊ ၂၃၇ တပ်တွေနဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် KIA တို့ ပြီးခဲ့တဲ့ ဧပြီလ ၁၀ ရက်နေ့ ကနေစပြီး တိုက်ပွဲတွေပြင်းထန်နေတာပါ။

ဒီဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရပါဘူး။

တပ်မတော်က တစ်နိုင်ငံလုံးမှာ အပစ်ရပ်ထားမယ်လို့ ဒီလဆန်းကထပ်ပြီး ကြေညာထားပေမယ့်၊ အခုလို တိုက်ပွဲတွေဖြစ်နေတာပါ။

KIA ဌာနချုပ်ရှိတဲ့ လိုင်ဇာမြို့နားမှာလည်း ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်နေ့မှာ KIA က ထိုးစစ်ဆင် သိမ်းပိုက်ခဲ့တဲ့ တပ်မတော်ရဲ့ အလော့ဘွမ်စခန်းကို၊ ဧပြီလ ၁၁ ရက်နေ့ ညနေပိုင်းမှာ တပ်မတော်ဘက်ကနေစတင်ပြီး လက်နက်ကြီးတွေနဲ့ အဝေးကနေပစ်ခက်တာတွေ၊ တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲပြန်တိုက်တာတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကချင်ပြည်နယ်မှာ ဧပြီလ ၁၀ ရက်နေ့က ဒီနေ့ ၁၂ ရက်နေ့အထိ ၃ ရက်တာကာလအတွင်းမှာ လက်နက် ကြီးတွေကြောင့် သေဆုံးခဲ့ရတဲ့အရပ်သားဟာ ၁၀ ဦးထက်မနည်းရှိတယ်လို့လည်း အကူအညီပေးနေတဲ့ ဒေသခံတွေက ပြောပါတယ်။

Anonymous says:
2021-04-12 06:37

Cheers KIA for your abilities
Must keep your victory

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့