ပူတာအိုမှာ စစ်ကောင်စီယာဉ်တန်းကို KIA က ကြားဖြတ်တိုက်ခိုက်

2021.05.29
ပူတာအိုမှာ စစ်ကောင်စီယာဉ်တန်းကို KIA က ကြားဖြတ်တိုက်ခိုက် ကချင်ပြည်နယ် ပူတာအိုမြို့နယ် လုံရှာရန်ကျေးရွာအုပ်စု ဖက်မာ (Hpak Ma) ကျေးရွာအနီးမှာ စစ်ကောင်စီယာဉ်တန်းကို ၂၀၂၁ မေ ၂၉ ရက်နေ့က တွေ့ရစဉ်
Photo: CJ

ကချင်ပြည်နယ် ပူတာအိုမြို့နယ် လုံရှာရန်ကျေးရွာအုပ်စု ဖက်မာ (Hpak Ma) ကျေးရွာအနီးမှာ စစ်ကောင်စီယာဉ်တန်းကို ဒီနေ့မနက် ၈ နာရီဝန်းကျင်ခန့်က ကချင်လွတ်မြောင်ရေး တပ်မတော် KIA တပ်မဟာ (၁) က ကြားဖြတ်ချုံခိုတိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဖက်မာကျေးရွာ ဒေသခံတစ်ဦးက RFA ကို အတည်ပြုပြောပါတယ်။

“တိုက်ပွဲဖြစ်သွားတာတော့ ဟုတ်တယ်။ သေနတ်သံတွေ ကြားနေရတာ ။ ရွာနဲ့ သိပ်မဝေးဘူး။ စစ်ကား ၂ စီးကိုတော့ မီးလောင်တယ်။ ဗမာစစ်တပ်ဘက်က အထိခိုက်တွေ ရှိတယ်လို့တော့ ကြားတယ်“

စစ်သား ၃၀ ခန့် လိုက်ပါလာတဲ့ စစ်ကောင်စီရဲ့ ယာဉ်တန်းဟာ ပူအာအိုမြို့ကနေ ထွက်လာခဲ့တာဖြစ်ပြီး မြို့နဲ့ ၁၅ မိုင်ခန့်အကွာ ဖက်မာ ကျေးရွာအနီးက မြစ်ကြီးနား ပူတာအို သွားတဲ့လမ်းမပေါ်မှာ တိုက်ခိုက်ခံခဲ့ရတာဖြစ် တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီတိုက်ပွဲကြောင့် နှစ်ဖက်အထိအခိုက် အကျဆုံးအခြေအနေကိုတော့ RFA က စုံစမ်းနေဆဲ ဖြစ်ပါတယ်။

တိုက်ပွဲအခြေနေနဲ့ပတ်သက်လို့ အတည်ပြုနိုင်ဖို့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းနိုင်ဖို့ ကြိုးစားခဲ့ပေမယ့် အကြောင်းပြန်ခြင်း မရှိသေးပါဘူး။

မေလ ၂၈ ရက် နေ့လယ်ပိုင်းကလည်း ပူတာအိုမြို့အခြေစိုက် စစ်ကောင်စီရဲ့ ခလရ (၄၆) ကို KIA က အဝေးပစ် ရှော့တိုက်ဒုန်းနဲ့ ၂ ကြိမ် ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။