ကချင်ပြည်နယ် နေရာအနှံ့မှာ အစိုးရတပ်နဲ့ ကေအိုင်အို တပ်တွေအကြား အခုရက်ပိုင်းအတွင်း တိုက် ပွဲတွေ ပြင်းထန်နေသလို ကေအိုင်အိုဌာနချုပ်အနီးကိုလည်း အစိုးရတပ်က မနေ့ညက လက်နက်ကြီးနဲ့ ပစ်တယ်လို့ သိရပါတယ်။
မနေ့ည ၆ နာရီခွဲ အချိန်မှာ လိုင်ဇာအနီးတဝိုက်နေရာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တာ တော်တော်များတယ်လို့ လိုင်ဇာဒေသခံအချို့က ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ကေအိုင်အို ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီး နော်ဘူ ကို ဆက်သွယ်မေးမြန်းကြည့်တဲ့အခါ
"တော်တော်များများကနေ ပစ်ပုံရတယ် ခါယာဘွမ်၊ ဘွမ်လွယ်ဘွမ်၊ ဖွန်းပျဉ်ဘွမ် တို့ ဒီပတ်ဝန်းကျင်မှာရှိတဲ့ သူတို့စခန်းတွေအားလုံးက ပစ်တယ်လို့ကြားတယ်။ အားလုံး ၂၀၊ ၃၀ လောက်ထင်တယ်။ တပ်ရင်း ၁၄ ဘက်မှာ မနေ့က တော်တော်အထိနာတယ်လို့ ကြားရတယ်။ အရင်နေ့ကတော့ သူတို့က လေယာဉ်ပျံနဲ့လာတယ်လေ၊ ဒုတိယနေ့ကျရင်တော့ သူတို့က ခြေလျင်နဲ့ပြန်တိုက်တာပေါ့၊ ကျနော်တို့လည်း ပြန်ပီးခုခံတိုက်တဲ့နေရာမှာ သူတို့လည်း အထိနာသွားတယ်လို့ကြားတယ်၊ အဲဒါကြောင့် ဒီဘက်ပြန်ပစ်တာလဲ ဖြစ်နိုင်တယ်" လို့ပြောပါတယ်။
အခုရက်ပိုင်းအတွင်း ကေအိုင်အို တပ်မဟာ ၂ တနိုင်းဒေသနဲ့ ဖားကန့်၊ တပ်မဟာ ၁ ဆွမ်ပရာဘွမ် ဒေသနဲ့ တပ်မဟာ ၃ မန်စီမြို့နယ်တွေအတွင်း တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။
နှစ်ဖက်ထိခိုက်ကျဆုံးတာတွေရှိပေမယ့် ဘယ်ဖက်ကမှ သတင်းအတိအကျ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။
ကေအိုင်အိုနဲ့ အစိုးရတပ်တွေအကြား ၁၉၉၄ ခုနှစ်က အပစ်အခတ်ရပ်စဲရေးလုပ်ခဲ့ပြီး ၁၇ နှစ်အကြာ ၂၀၁၁ ခုနှစ် ဇွန်လမှာ တိုက်ပွဲတွေပြန်လည်ဖြစ်ပွားလာတာ အခုအချိန်အထိ ဖြစ်ပါတယ်။
