ဖမ်းထားတဲ့ သတင်းသမားနှစ်ဦးကို အမြန်ဆုံးလွှတ်ဖို့ KIA ကို IMJA တောင်းဆို

RFA Burmese
2024.10.23
ဖမ်းထားတဲ့ သတင်းသမားနှစ်ဦးကို အမြန်ဆုံးလွှတ်ဖို့ KIA ကို IMJA တောင်းဆို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) မှ ဖမ်းဆီးထားသည့် ကိုနောင်ရိုးနှင့် ကိုတာလင်းမောင်တို့အား တွေ့ရစဉ်။
Photo : Facebook/ Naung Yoe| Tarlinnmg

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ဖမ်းဆီးထားတဲ့ သတင်းသမားနှစ်ဦးကို အမြန်ဆုံးလွှတ်ဖို့ လွတ်လပ်သော မြန်မာသတင်းစာဆရာများ အစည်းအရုံး (IMJA) က အောက်တိုဘာ ၂၃ ရက်နေ့မှာ KIA ခေါင်းဆောင်တွေကို တောင်းဆိုလိုက်ပါတယ်။

ဖမ်းဆီးခံသတင်းသမားတွေ အမြန်ဆုံးပြန်လွှတ်ပေးဖို့နဲ့ အကာအကွယ်ရဖို့ မျှော်လင့်တယ်လို့ လွတ်လပ်သော မြန်မာသတင်းစာဆရာများ အစည်းအရုံး (IMJA) ဒုတိယဥက္ကဋ္ဌ ကိုနိုင်က RFA ကို ပြောပါတယ်။

"ကျွန်တော်တို့ မမျှော်လင့်ထားတဲ့ မိတ်ဖက်အဖွဲ့အစည်းလို့ သတ်မှတ်ထားတဲ့ ဒီ KIA လိုမျိုး လက်နက်ကိုင်အဖွဲ့အစည်းက သတင်းသမားတွေကို အကြောင်းမဲ့ ဖမ်းဆီးတယ်၊ ဖမ်းဆီးပြီးတဲ့နောက်မှာလည်း မိသားစုတွေ၊ ဌာနတွေကို အကြောင်းကြားတာမရှိဘဲနဲ့ သူတို့ရဲ့ မတရားချုပ်နှောင်မှုအောက်မှာ ရှိနေတာကို အဓိက ကန့်ကွက်ချင်တာပါ၊ အဓိက ကျွန်တော်တို့ ဆိုလိုချင်တာကတော့ ဖမ်းဆီးခံသတင်းသမားတွေ အမြန်ဆုံးလွတ်မြောက်ဖို့နဲ့ နောက် နိုင်ငံတကာ ဂျနီဗာကွန်ဗန်းရှင်းအရ သတင်းသမားတွေကို ကာကွယ်စောင့်ရှောက်မှုရမို့ မျှော်လင့်တာပါ"

ဖားကန့်မြို့နယ် အခြေစိုက် သတင်းထောက်တွေဖြစ်တဲ့ ကိုတာလင်းမောင်ကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ဖားကန့်တိုက်နယ် တပ်ဖွဲ့ဝင်တွေက စက်တင်ဘာ ၂၉ ရက်နေ့မှာ ဖမ်းဆီးခဲ့သလို အလွတ်သတင်းထောက် ကိုနောင်ရိုးကို စက်တင်ဘာလ ၃၀ ရက်နေ့မှာ ဖမ်းဆီးခဲ့တာလို့ IMJA က ဆိုပါတယ်။

သတင်းမီဒီယာသမားတွေကို အကာအကွယ်ပေးတဲ့ နိုင်ငံတကာ ဥပဒေတွေကို လေးစားလိုက်နာပြီး ကိုတာလင်းမောင်နဲ့ ကိုနောင်ရိုးတို့ကို အမြန်ဆုံးလွှတ်ဖို့ IMJA က KIA ခေါင်းဆောင်တွေဆီ အိတ်ဖွင့်ပေးစာ ပေးပို့ တောင်းဆိုလိုက်တာပါ။ ကိုတာလင်းမောင်ဟာ Red News Agency ရဲ့ ဖားကန့်မြို့နယ်အခြေစိုက်သတင်းထောက်ဖြစ်ပြီး ကိုနောင်ရိုးကတော့ အလွတ်သတင်းထောက်ဖြစ်ပါတယ်။

ဖမ်းဆီးခံထားရတဲ့ သတင်းထောက်တွေကို ဘယ်နေရာမှာ ထိန်းသိမ်းထားတယ်ဆိုတာ မသိရသလို၊ မိသားစုဝင်တွေနဲ့လည်း အဆက်အသွယ်ပြတ်တောက်နေတယ်လို့ ကိုနိုင်က ပြောပါတယ်။

IMJA ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး KIA ပြောခွင့်ရသူ ဗိုလ်မှူးကြီးနော်ဘူကို RFA က ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါတယ်။ သတင်းသမားတွေကို ဖမ်းဆီးထိန်းသိမ်းတာဟာ နိုင်ငံတကာ ဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေကို ချိုးဖောက်ရုံမကဘဲ အများပြည်သူတွေရဲ့ သိပိုင်ခွင့်ရှိတဲ့ အရေးကြီးအချက်အလက်တွေကို ဖိနှိပ်ချုပ်ချယ်တာလို့လည်း IMJA က အိတ်ဖွင့်ပေးစာမှာ ထောက်ပြထားပါတယ်။

စာနယ်ဇင်းသမားများ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ (CPJ) က လည်း KIA ဖမ်းဆီးထားတဲ့ သတင်းသမားနှစ်ဦးကို အမြန်ဆုံးလွှတ်ဖို့ အောက်တိုဘာ ၂၂ ရက်နေ့မှာ တိုက်တွန်းထားပါတယ်။

CPJ ရဲ့ ၂ဝ၂၃ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့အထိ စာရင်းတွေအရ မြန်မာနိုင်ငံမှာ အနည်းဆုံး သတင်းသမား ၄၃ယောက် ဖမ်းဆီးအကျဉ်းချခံထားရပြီး၊ ကမ္ဘာမှာ သတင်းသမား ဖမ်းဆီးခံရမှု ဒုတိယအများဆုံးနိုင်ငံဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။