KIA ဖမ်းဆီးထားတဲ့ အလွတ်သတင်းသမားနှစ်ဦး ပြန်လွတ်လာ

RFA Burmese
2024.10.27
KIA ဖမ်းဆီးထားတဲ့ အလွတ်သတင်းသမားနှစ်ဦး ပြန်လွတ်လာ KIA ဖမ်းဆီးခဲ့သည့် ကိုတာလင်းမောင် (ဝဲ) နှင့် ကိုနောင်ရိုး (ယာ) အား တွေ့ရစဥ်။
Facebook/ Tarlin Mg/Naung Yoe

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က ဖမ်းဆီးထားတဲ့ အလွတ်သတင်းသမားနှစ်ဦး အောက်တိုဘာ ၂၇ ရက် ဒီနေ့မှာ ပြန်လွတ်လာပြီလို့ ဖမ်းဆီးခံခဲ့ရတဲ့ သတင်းထောက် ကိုနောင်ရိုးက သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

ဖားကန့်မြို့နယ်က ဒေသတွင်းသတင်းတွေကို ပြည်တွင်းမီဒီယာတွေမှာ ရေးသားနေတဲ့ ကိုတာလင်းမောင်နဲ့ ကိုနောင်ရိုးတို့ကို KIA က စက်တင်ဘာ ၂၉ ရက်နေ့က ဖမ်းဆီးခဲ့တာပါ။

သူတို့ကိုဖမ်းဆီးပြီး တစ်လခန့်အကြာမှာ ပြန်လွှတ်လိုက်တာဖြစ်ပြီး နေကောင်းကျန်းမာစွာနဲ့ ပြန်လွတ်မြောက်လာပြီလို့ ကိုနောင်ရိုးက သူ့ရဲ့ လူမှုကွန်ရက်မှာ အောက်တိုဘာ ၂၇ ရက် ဒီနေ့ နေ့လယ်ပိုင်းက ရေးသားထားပါတယ်။

“ကျွန်တော်နဲ့ ကိုတာလင်းမောင် နေကောင်း၊ ကျန်းမာစွာနဲ့ ပြန်လည်လွတ်မြောက်ခဲ့ပါပြီ။ ကူညီစောင့်ရှောက်ပေးခဲ့သူအားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ”

ကိုတာလင်းမောင်နဲ့ ကိုနောင်ရိုးတို့ ပြန်လွတ်လာတာနဲ့ပတ်သက်လို့ အသေးစိတ်သိရဖို့ သူတို့ကို RFA က ဆက်သွယ်ခဲ့ပေမဲ့ အင်တာနက်နဲ့ တယ်လီဖုန်းလိုင်းအခက်အခဲကြောင့် ဆက်သွယ်လို့မရသေးပါဘူး။

ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက KIO အရာရှိဆိုသူရဲ့ ခိုင်းစေချက်နဲ့ KIO တိုက်နယ်မှူးက တာဝန်ကျ PDF တွေကိုအကြောင်းမကြားဘဲ ဆိုင်းတောင်နဲ့ ဖားကန့်ကြားမှာရှိတဲ့ Jade Garden စားသောက်ဆိုင်က ဝန်ထမ်းတွေကို ကယ်ထုတ်တဲ့အပေါ် ကိုတာလင်းမောင်က သူ့ရဲ့လူမှုကွန်ရက်မှာ ရေးသားခဲ့တာကြောင့် ဖမ်းဆီးခံခဲ့ရတာလို့ အဲဒီဖြစ်စဉ်ကိုသိတဲ့ ဒေသခံတွေက ပြောပါတယ်။

ကိုနောင်ရိုးကတော့ ကိုတာလင်းမောင်နောက်ကို လိုက်သွားရင်းနဲ့ ထပ်မံဖမ်းဆီးခံရတာလို့ ဆိုပါတယ်။

ကိုနောင်ရိုးဟာ အာဏာသိမ်းခါစ ၂၀၂၁ ခုနှစ် မတ်လ ၉ ရက်နေ့မှာ စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းခံရပြီး ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ -က နဲ့ တရားစွဲဆိုခံရပြီးနောက် ၂၀၂၂ ခုနှစ် အောက်တိုဘာလမှာ ပြန်လွတ်မြောက်ခဲ့ပါတယ်။

ကိုတာလင်းမောင်ကတော့ အာဏာမသိမ်းခင်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှာ သတင်းထောက်လုပ်ကိုင်ခဲ့ပြီး အာဏာသိမ်းပြီးနောက် အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ဝင်ထားသူတစ်ဦး ဖြစ်ပါတယ်။

ဖမ်းဆီးခံရတဲ့ သတင်းထောက်တွေရဲ့ အချက်အလက်တွေကို စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ (Detained Journalist Information Myanmar) ရဲ့ စာရင်းတွေအရ စစ်တပ်အာဏာသိမ်းထားတဲ့ သုံးနှစ်ကျော်အတွင်း သတင်းမီဒီယာ ၁၅ ခု ပိတ်သိမ်းခံရပြီး သတင်းထောက် ခုနစ်ဦး သေဆုံးခဲ့ပါတယ်။ ၂၀၂၄ ခုနှစ် ဇူလိုင်လအထိ သတင်းသမား ၁၇၂ ဦး ဖမ်းဆီးခံခဲ့ရပြီး အဲဒီအထဲက ၅၂ ဦး အခုအချိန်အထိ အကျဉ်းချခံထားရဆဲ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။