ကချင်ပြည်နယ်၊ မံစီမြို့နယ် မန်ဝိန်းကြီးရွာအနီး စစ်ကောင်စီတပ်စခန်းကို ဇန်နဝါရီလ ၂၁ ရက် မနက်ပိုင်းမှာ KIA နဲ့ ပူးပေါင်းတပ်တွေက သိမ်းယူခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က ဇန်နဝါရီလ ၁၉ ရက်မှာ စတင်တိုက်ခိုက်ခဲ့ ပြီး သုံးရက်အကြာ ဇန်နဝါရီလ ၂၁ ရက်မှာ အပြီးသတ်သိမ်းယူနိုင်ခဲ့တာပါ။
KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး ကြီးနော်ဘူကလည်း မန်ဝိန်းကြီးစခန်းကို သိမ်းယူခဲ့ကြောင်း အတည်ပြုပါတယ်။
“မန်ဝိန်းက စကစတပ်တွေကို ကျွန်တော်တို့ KIA နဲ့ တခြားရှိတဲ့ တပ်ပေါင်းစုတွေ အားလုံးဝိုင်းပြီးမှ တိုက်တာ။ အခု သိမ်းလိုက်ပြီ။ ဒီမနက် ဖြစ်ပါတယ်။ ရှစ်နာရီနဲ့ ဆယ်နာရီကြားမှာဖြစ်ပါတယ်”
တပ်စခန်းတွေသိမ်းတဲ့ အဓိကရည်ရွယ်ချက်ကတော့ စစ်ကောင်စီတပ် စိုးမိုးထားတဲ့ နေရာတွေကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ လက်နက်ကိုင်တော်လှန်ရေး တပ်ဖွဲ့တွေက ပြန်ပြီးနယ်မြေစိုးမိုးရေးလုပ်ဖို့ ဖြစ်တယ်လို့ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။
မန်ဝိန်းတပ်စခန်းကို သိမ်းပြီးနောက် စစ်ကောင်စီတပ်သား ရုပ်အလောင်း ဆယ်လောင်း ကျော် ရရှိထားတယ်လို့ ဆိုပါတယ်။
ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီ ကချင်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ ဦးသန့်ဇင်ကိုကိုကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းစက်ပိတ်ထားပါတယ်။
ဒီနေ့မနက်ပိုင်းမှာပဲ KIA ပူးပေါင်းတပ်တွေက ရှမ်းပြည်နယ် မြောက်ပိုင်း မဘိမ်းမြို့ကိုလည်း သိမ်းယူခဲ့ပါတယ်။
စစ်ကောင်စီတပ်နဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့တို့ ယာယီအပစ်အခတ်ရပ်စဲထားတာကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းက နေရာအများစုမှာ တိုက်ပွဲဖြစ်ပွားတာ မရှိပေမယ့် KIA လှုပ်ရှားတဲ့ ကွတ်ခိုင်၊ မိုးမိတ်နဲ့ မဘိမ်း အပြင် ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ် အစပ်ဒေသတွေမှာ တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။