NCA မှာ လက်မှတ်ထိုး မထိုး ပြောဖို့ စောသေးတယ်လို့ KIO ခေါင်းဆောင် ပြော

2018-07-12
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
KIO ဗိုလ်ချုပ် ဂွန်မော် ကို ၂ဝ၁၈ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့က တွေ့ရစဉ်
KIO ဗိုလ်ချုပ် ဂွန်မော် ကို ၂ဝ၁၈ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့က တွေ့ရစဉ်
Photo: Win Ko Ko Latt/RFA

မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့က လက်ရှိအချိန်မှာ NCA လက်မှတ်ထိုးဖို့ရှိ မရှိ ဆိုတာ ပြောဖို့အချိန်စောသေးတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပွဲအပြီးမှာ KIO ခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်ချုပ် ဂွန်မော်က ပြောလိုက်ပါတယ်။

"ခုချိန်မှာတော့ ထိုးဖို့ မထိုးဖို့ ဆိုတာ ကျနော်တို့ ပြောဖို့ စောပါသေးတယ်။ ဘာပဲဖြစ်ဖြစ်ဆွေးနွေးပြီး တဲ့နောက်ပိုင်း ကျမှ ကျနော်တို့ဆုံးဖြတ်ချမှာဖြစ်ပါတယ်။ ခုလာတာကတော့ ဒါတဖက်နဲ့ တဖက်တွေက ဆုံကြတာပေါ့နော်။ ပြီးတော့ ၂၁ ရာစု ပင်လုံ အစည်အဝေးကိုလာတယ်ဆိုတာက ဖိတ်တဲ့သူကလည်း အပြန်အလှန် အသိအမှတ်ပြု တယ်၊ တက်ရောက်တဲ့သူတွေကလည်း အသိအမှတ်ပြုတဲ့ သဘောမျိုးနဲ့ လာတာဖြစ်ပါတယ်။ ဒါပေမဲ့ နောက်ပိုင်း မှာတော့ ဆွေးနွေးပွဲတွေက ဒီလို သူ့အစီအစဉ်နဲ့သူ စနစ်တကျသွားနေတဲ့ ပင်လုံအစည်းအဝေးပွဲလို မဟုတ်ဘဲနဲ့ တခြားအချိန်တခုမှာဆွးနွေးသင့်တယ်လို့ အဲလိုပဲ ကျနော်တို့က အပြန်အလှန် ဒီလိုပဲ မှတ်ချက်ပြုခဲ့တာ ဖြစ်ပါတယ်။ အဲတော့ ဘယ်လိုလုပ်မလဲဆိုတဲ့ အပိုင်းကတော့ ပြန်သီးသန့် ဆွေးနွေးမယ့်အပိုင်းဖြစ်ပါတယ်။"

ဒီနေ့ နေ့လည်ပိုင်းက နေပြည်တော် NRPC မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ မြောက်ပိုင်း က တိုင်းရင်းသားအဖွဲ့တွေ တွေ့ဆုံပွဲအပြီးမှာ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO က ဗိုလ်ချုပ် ဂွန်မော်က ပြောတာဖြစ် ပါတယ်။

အစိုးရ၊ တပ်မတော်နဲ့ မြောက်ပိုင်းက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ထပ်မံတွေ့ဆုံပြီး နောက်ပိုင်းမှသာ NCA နဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက် ချနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

မြောက်ပိုင်းက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့နဲ့ စုစည်းထားတဲ့ FPNCC အဖွဲ့က ပြီးခဲ့တဲ့ ဒုတိယအကြိမ် ပင်လုံညီလာခံမှာ တင်ပြခဲ့တဲ့ သူတို့အဖွဲ့ရဲ့ မူဝါဒစာတမ်းကို တင်ပြဆွေးနွေးလိုကြောင်း ဒေါ်အောင်ဆန်းစုကြည်ကို ပြောခဲ့တယ်လို့ ဗိုလ်ချုပ်ဂွန်မော်က ပြောပါတယ်။

ဒါ့အပြင် အဖွဲ့ခေါင်းဆောင် ဦးကျောက်ကော်အမ်းက NCA အပေါ် ထားရှိတဲ့ သဘောထားကို တင်ပြခဲ့ပြီး အတိုင်ပင်ခံ ပုဂ္ဂိုလ်ဘက်ကလည်း သူတို့သဘောထားကို ပြန်လည်ဆွေးနွေးတယ်လို့ ဆိုပါတယ်။

UWSA "ဝ" အဖွဲ့၊ KIA ၊ SSPP/SSA နဲ့ မိုင်းလားအဖွဲ့ NDAA က ခေါင်းဆောင်တွေဟာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့ ဒီနေ့ နေ့လည်ပိုင်းမှာ တွေ့ဆုံခဲ့သလို ကိုးကန့်၊ ရခိုင်အဖွဲ့ AA နဲ့ TNLA တအာင်းပလောင်အဖွဲ့တွေနဲ့ လည်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သီးသန့်တွေ့ဆုံခဲ့ပါတယ်။

မြောက်ပိုင်းက တိုင်းရင်းသားအဖွဲ့တွေက မနေ့ကလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့နဲ့ သီးခြားစီတွေ့ဆုံခဲ့ကြပါတယ်။

အဲဒီလို တွေ့ဆုံရာမှာတော့ KIA အဖွဲ့နဲ့ တပ်မတော်တို့ကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲအခြေအနေတွေကို ဆွေးနွေး ခဲ့တာ မရှိဘူးလို့ ဗိုလ်ချုပ် ဂွန်မော်က ပြောပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့နဲ့ အခုလို တွေ့ဆုံတာဟာ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးညှိနှိုင်းမှုကော်မတီ FPNCC အဖွဲ့ကို အစိုးရနဲ့ တပ်မတော်တို့က အသိအမှတ်ပြုတဲ့ သဘောတော့ မဟုတ်ဘူးလို့လည်း ဗိုလ်ချုပ် ဂွန်မော်က ပြောပါတယ်။

ငြိမ်းချမ်းရေးကော်မရှင်က တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဦးခင်ဇော်ဦးက တပ်မတော် ကာကွယ်ရေးဦးစီးချုပ် နဲ့ မြောက်ပိုင်းက တိုင်းရင်းသားအဖွဲ့တွေရဲ့ မနေ့က တွေ့ဆုံပွဲဟာ အခြေအနေ ကောင်းမွန်ကြောင်းနဲ့ မကြာခင် ထပ်မံတွေ့ဆုံသွားဖို့ရှိပြီး တပ်မတော်ဘက်က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ မြောက်ပိုင်းကအဖွဲ့တွေ ပါဝင်လာနိုင်ဖို့ ဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။

မြောက်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ တရုတ်နိုင်ငံရဲ့ တိုက်တွန်းကူညီမှုနဲ့ ညီလာခံကို တက်ရောက်လာတာဖြစ်ပါတယ်။

အခုကျင်းပနေတဲ့ တတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံ ဒုတိယနေ့ကို နေပြည်တော်က MICC 2 မှာ ဒီနေ့ ဆက်လက်ကျင်းပနေပါတယ်။

ဒီနေ့မှာဆိုရင် အစိုးရ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီတွေ၊ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့တွေက အစုအဖွဲ့အလိုက် ဆွေးနွေးပွဲတွေ ပြုလုပ်တာဖြစ်ပါတယ်။

နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ လုံခြုံရေး၊ မြေယာနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကဏ္ဍအသီးသီးက အချက် ၁၄ ချက်ကို ဆွေးနွေးကြတာပါ။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့