ကချင်ပြည်နယ် ဖားကန့်မြို့မှာ ကချင်လွတ်မြောက်ရေး တပ်မတော် KIA နဲ့ မြန်မာတပ်မတော်တို့ မတ်လ ၁၈ ရက် ဒီကနေ့ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက RFA ကို အတည်ပြုပြောပါတယ်။
မြန်မာစစ်တပ်ရဲ့ တပ်စခန်း သုံးခုကို KIA က ဝင်တိုက်ခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းယူခဲ့သလို၊ မြန်မာစစ်တပ်ဘက်က အယောက် ၂၀ လောက် ကျဆုံးမှုရှိခဲ့တယ်လို့ ပြည်တွင်း အွန်လိုင်းသတင်းတွေမှာ ဖော်ပြနေပါတယ်။
စစ်ကောင်စီက ပြည်တွင်းမှာ ဖုန်းအင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတာကြောင့် သတင်းအချက်အလက် မရသေးသလို နှစ်ဘက် အကျအဆုံး ရှိ၊မရှိ အတည်မပြုနိုင်သေးဘူး KIA က ဗိုလ်မှူးကြီး နော်ဘူက ဆိုပါတယ်။
KIA ဗဟိုအနေနဲ့ ထိုးစစ်ဆင်ဖို့ တပ်စခန်းသိမ်းဖို့ ညွှန်ကြားထားတာမျိုးမရှိပေမယ့် မြေပြင် KIA တပ်တွေအနေနဲ့ လက်ဦးမှုရယူလိုစိတ်နဲ့ တိုက်ခိုက်တာမျိုးတော့ ရှိတယ်လို့လည်းပြောပါတယ်။
မြန်မာ စစ်တပ်နဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် KIA တို့အကြား တိုက်ပွဲတွေ ရပ်တန့်နေရာကနေ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ တိုက်ပွဲသံတွေ ပြန်ကြားလာနေရတာဖြစ်ပါတယ်။
အထူးသဖြင့် ရှမ်းပြည်နယ် KIA တပ်စခန်းချရာနေရာတွေကို မြန်မာစစ်တပ်ဘက်က ထိုးစစ်ဆင်တာတွေရှိနေတယ်လို့ဆိုပါတယ်။
ဖားကန့်ဘက်က ဒီကနေ့ တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး မြန်မာစစ်တပ်ဘက်က ဘာမှပြောဆိုတာ မရှိသေးပါဘူး။
လက်ရှိ စစ်အာဏာသိမ်းမှုနဲ့ ပတ်သက်ပြီး ဆန္ဒပြပြည်သူလူထုနဲ့ အတည်ရပ်တည်ကြောင်း KIA က ပြောဆိုထားပါတယ်။
၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ CRPH နဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် KIAတို့ကြား တွေ့ဆုံဆွေးနွေးတာတွေလည်း ရှိနေပါတယ်။