ကချင်ပြည်နယ်က တိုက်ပွဲတွေအတွင်း စစ်ကောင်စီရဲ့ တပ်စခန်းကြီး နှစ်ခုအပါအဝင် တပ်စခန်းတစ်ဆယ်ကျော်ကို တိုက်ခိုက်သိမ်းယူထားနိုင်ပြီး မတ်လ ၈ ရက် ဒီနေ့အထိလည်း တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။
မြစ်ကြီးနား - ဗန်းမော်ကားလမ်းနဲ့ လိုင်ဇာမြို့အနီးတစ်ဝိုက်က တပ်စခန်းတွေကို မတ်လ ၇ ရက်နေ့ကတည်းက KIA က တစ်ပြိုင်နက်တည်းတိုက်ခိုက်နေတာဖြစ်ပြီး ၁၂၀ မမ လက်နက်ကြီးတွေ အထိုင်ချတပ်ဆင်ထားတဲ့ စခန်းကြီးတွေကိုပါ သိမ်းယူနိုင်ခဲ့တာလို့ ဗိုလ်မှူးကြီးနော်ဘူက RFA ကို ပြောပါတယ်။
“ကြီးတာကတော့ မနေ့က ညနေပိုင်းသိမ်းတဲ့ ဖွန်းပျဲန်ဘွမ် တပ်စခန်းကတော့ သူတို့လက်နက်ကြီးတွေ ၁၂၀ တွေပေါ့၊ ထိုင်ထားတဲ့စခန်းဖြစ်ပါတယ်။ အင်းတပ်ဘွမ်ဆိုတဲ့ တပ်စခန်းကိုလည်း သိမ်းလို့ရပါပြီ။ အားလုံးကတော့ တစ်ဆယ်ကျော်ပါပြီ။ ဘွမ်ရဲဘွမ် (Bum re bum) ပတ်ဝန်းကျင်က ကာကင်းတွေ၊ ခယာဘွမ် (Hkaya Bum) ပတ်ဝန်းကျင်က ကာကင်းတွေနဲ့ မြို့သစ်ဘက်က တော်တော်များများ သိမ်းပါတယ်။ ကာကင်းစခန်းတွေ စခန်းငယ်တွေတော့ အခုကတော့ စခန်းကြီးဖြစ်တဲ့ ဘွမ်ရဲတို့ ခယာတောင်တို့ကို ပြန်တိုက်နေတဲ့အနေအထားဖြစ်ပါတယ်”
စစ်ကောင်စီတပ်ကလည်း မနေ့ကတည်းက လိုင်ဇာမြို့ဘက်ကို လက်နက်ကြီးတွေနဲ့ပစ်ခတ်နေပြီး တရုတ်ပြည်ထဲကိုလည်း လက်နက်ကြီးသုံးလုံးခန့် ကျရောက်ပေါက်ကွဲတယ်လို့ သူကဆိုပါတယ်။
ဒီနေ့မနက်မှာလည်း တိုက်ပွဲသံတွေ နေရာအနှံ့ ပြန်ကြားနေရပြီး လိုင်ဇာမြို့ကိုလည်း လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေတာကြောင့် ဒေသခံတွေ တိမ်းရှောင်နေရတယ်လို့ လိုင်ဇာဒေသခံတစ်ဦးက ပြောပါတယ်။
“မနက်ကတည်းက နေရာတော်တော်များများ အသံတွေပြန်ကြားနေရပြီ။ လက်နက်ကြီးပစ်တာ ဒီမနက် ရှစ်နာရီလောက်ထိ ရှစ်ချက်လောက်ရှိပြီ။ လိုင်ဇာတစ်ဘက်ကမ်း တရုတ်ပြည်ဘက်လည်း လက်နက်ကြီးကျပြီး နေအိမ်တွေ မီးလောင်တယ်။ မြို့ပေါ်က လူတွေလည်း တော်တော်များများက ဘေးလွတ်ရာကို ရှောင်နေကြတယ်”
အခုတိုက်ခိုက်နေတဲ့ တပ်စခန်းတွေက ၂၀၁၁ ခုနှစ်နောက်ပိုင်း KIA က လက်လွတ်ခဲ့တဲ့တပ်စခန်းတွေဖြစ်ပြီး အဲဒီစခန်းတွေကိုပြန်ရဖို့နဲ့ ဗန်းမော်-မြစ်ကြီးနား လမ်းပြန်ဖွင့်နိုင်ဖို့ တိုက်ခိုက်နေတာလို့ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။
မနေ့က တိုက်ပွဲအတွင်းမှာတော့ လိုင်ဇာမြို့ကို လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ ကလေးနဲ့ အမျိုးသမီးအပါအဝင် အရပ်သားသုံးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။