ဟူးကောင်းချိုင့်ဝှမ်းမှာ ကေအိုင်အေက စစ်ဆင်ရေးစမယ်လို့ ထုတ်ပြန်

ကချင်လွတ်မြောက်ရေးတပ်မတော် KIA က ဟူးကောင်းခရိုင်အတွင်းမှာ လာမယ့် ဧပြီလ ၁၀ ရက်နေ့ကစတင်ပြီး ပျောက်ကျားစစ်ဆင်ရေးနဲ့ မိုင်းစစ်ဆင်ရေး ပြုလုပ်သွားမှာဖြစ်တဲ့အတွက် အဲဒီဒေသအတွင်းမှာ ရွှေနဲ့ ပယင်းခိုးတူး လုပ်ကိုင်နေကြသူတွေ ထွက်ခွာသွားကြဖို့ ကေအိုင်အေက ဒီကနေ့ ရက်စွဲနဲ့ သတိပေးကြေညာချက် ထုတ်ပြန်လိုက် ပါတယ်။

ဟူးကောင်းခရိုင်ဒေအတွင်း KIA နဲ့ တပ်မတော်တို့ တိုက်ပွဲတွေဖြစ်ပွားလာရင် ရွှေနဲ့ ပယင်း တူးဖော်လုပ်ကိုင်နေ သူတွေ ထိခိုက်မှုတွေရှိလာနိုင်တာကြောင့် အဲဒီမှာဒေသမှာလုပ်ကိုင်နေသူတွေကို ထွက်ခွာခိုင်းတာဖြစ်တယ်လို့ KIA ပြန်ကြားတာဝန်ခံ ဒုတိယဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

"တပ်ရင်း ၁၄ ဘက်က KIA စစ်သားတွေကလည်း လှုပ်ရှားလိုက်လို့ရှိရင် တိုက်ပွဲကတော့ အချိန်မရွေးဖြစ်မှာပေါ့၊ သူတို့နယ်မြေထဲမှာ တပ်မတော်စစ်ကြောင်းတွေ ရှိတဲ့အခါကျတော့ နယ်မြေလုံခြုံရေးကတော့ မရှိဘူးပေါ့၊ KIA တပ်ရင်း ၁၄ ဘက်ကတော့ ပြည်သူလူထုတွေကို ဒုက္ခမပေးချင်တဲ့သဘောမျိုးနဲ့ အဲမှာရှိနေတဲ့ ရွှေတူးသမားတွေ ရွှေလုပ်စားနေတဲ့ ပြည်သူလူထုတွေ၊ ပယင်းလုပ်နေတဲ့ ပြည်သူလူထုတွေ ထွက်ခိုင်းဖို့ သတိပေးတဲ့ အမိန့်စာတွေ ကို ထုတ်တာဖြစ်ပါတယ်"

ကချင်ပြည်နယ် ဟူးကောင်းခရိုင်အတွင်းမှာရှိတဲ့ ရှဒူးဇွတ်ဂျာဝမ်၊ နန်ဗျူ၊ နန်ကွမ်း၊ တုံမဏီ၊ ဒဂွမ်ချောင်းတွေက ရွှေနဲ့ ပယင်းမှော် ခိုးတူးလုပ်ကိုင်နေကြတဲ့ လုပ်ငန်းရှင်တွေ၊ လက်လုပ်လက်စားတွေ အဲဒီဒေသကနေ အမြန်ဆုံး ထွက်ခွာသွားဖို့ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

အဲဒီဒေသက ရွှေနဲ့ ပယင်းမှော် ခိုးတူးလုပ်ကိုင်နေကြတဲ့ ပြည်သူတွေအနေနဲ့ KIA ရဲ့ ထုတ်ပြန်ချက်ကို သိရှိပေမယ့် မလိုက်နာဘဲ ဆက်လုပ်နေမယ်ဆိုရင် ဖြစ်ပေါ်လာတဲ့ ပြဿနာအားလုံးဟာ တာဝန်မယူဘူးလို့ ဆိုပါတယ်။

တပ်မတော်ဘက်က KIA အဖွဲ့ကို ရွှေနဲ့ ပယင်းတွေ ခိုးယူနေတယ်လို့ စွပ်စွဲနေပေမယ့် အမှန်တကယ်ကတော့ KIA အဖွဲ့က ကုမ္ပဏီတွေဟာ အစိုးရက တရားဝင်ခွင့်ပြုထားတဲ့ ရွှေလုပ်ကွက်တွေမှာ တူးဖော်လုပ်ကိုင်နေတာဖြစ်တယ် လို့ ဒုတိယဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

KIA အဖွဲ့ရဲ့ ဝင်ငွေဝင်ပေါက်တွေကို ပိတ်ဆို့တားဆီးချင်တဲ့အတွက် KIA ထိန်းချုပ်နယ်မြေတွေကို ထိုးစစ်ဆင်နေ တာဖြစ်သလို KIA ရဲ့ နယ်မြေတွေအားလုံးကို သိမ်းပိုက်ချင်တာဖြစ်တာကြောင့် တပ်မတော်ဘက်က ထိုးစစ်ဆင်နေတာဖြစ်တယ်လို့ KIA ပြန်ကြားရေး တာဝန်ခံ ဒုတိယ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ မတ်လ ၃၀ နဲ့ ၃၁ ရက်နေ့ကစပြီး တပ်မတော်က စစ်ဆင်ရေးတွေ ပြုလုပ်တဲ့အတွက် ရှမ်းပြည်နယ် မြောက်ပိုင်း မိုးမိတ်မြို့နယ်နဲ့ ကချင်ပြည်နယ် မံစီမြို့နယ်မှာ မနေ့ကအထိ နှစ်ဘက်တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ ပြောပါတယ်။