တာလောကြီးရွာသား ၄ ဦးကို KIA ဖမ်းတယ်လို့ ဒေသခံတွေယူဆ


2018.08.19
kia-622 ကေအိုင်အေ တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်
Photo:Kan Thar/RFA

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် တာလောကြီးရွာက ရွာသား ၄ ယောက်ကို သြဂုတ် ၁၇ ရက်နေ့ က တောထဲမှာ ကေအိုင်အေအဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံရွာသားတွေ က ပြောပါတယ်။

အဲဒီအခြေအနေနဲ့ပတ်သက်ပြီး အဖြစ်မှန်ကိုသိဖို့ စုံစမ်းမေးမြန်းနေတယ်လို့ တာလောကြီးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းထူးက ဒီကနေ့ ညနေ ၅ နာရီကျော်မှာ RFA ကို ပြောပါတယ်။

"ကျနော့်ကို လာသတင်းပို့တယ်။ လူ လေးယောက် ကေအိုင်အေ ဖမ်းသွားတယ်လို့၊ ကျနော့်ကို သတင်း လာပို့တော့ အဲဒါ အခုသတင်းပို့ထားတဲ့ ကေအိုင်အေ ဖမ်းတယ်ဆိုတာ ဘယ်သူမျက်မြင်သက်သေ ရှိလဲ။ သေချာလား၊ မသေချာဘူးလားဆိုတာကို အခုပြန်လည်စစ်ဆေးနေတာ။ ကလေးတွေကို ဖမ်းသွားတယ်လို့ ဒီရွာကို သတင်းပို့တယ်ဆိုတဲ့လူကို စောင့်နေတာဗျ။ မရောက်သေးလို့ ထိုင်စောင့်နေကြတာ"

တာလောကြီးရွာရဲ့ အရှေ့မြောက်ဘက် ၈ မိုင်အကွာက တာခီကွင်းမှ တောခုတ်ခြံရှင်း လုပ်သားတွေအဖြစ် သွားရောက်လုပ်ကိုင်ချိန်မှာ ပြီးခဲ့တဲ့ သြဂုတ် ၁၇ ရက် ညပိုင်းမှာ ကေအိုင်အေ တပ်ဖွဲ့တွေက ဖမ်းဆီးသွား တာဖြစ်တယ်လို့ ရွာသားတွေက ယူဆနေကြတာဖြစ်ပါတယ်။

KIA ပြန်ကြားရေး တာဝန်ခံ ဒုတိယဗိုလ်မှူးကြီး နော်ဘူကို RFA က ဆက်သွယ်ရာမှာ အဲဒီကိစ္စကို မသိရသေးကြောင်းနဲ့ မြေပြင်မှာရှိတဲ့ တပ်တွေကို စုံစမ်းမေးမြန်းကြည့်မယ်လို့ ပြောပါတယ်။

အလုပ်အကိုင်ရှားပါးလို့ တောထဲသွားချိန်မှာ အဖမ်းခံရတာကြောင့် စားဝတ်နေရေးအတွက် အခက်အခဲတွေဖြစ်နေပြီး အမြန်ဆုံးပြန်လွတ်စေချင်တယ်လို့ ပျောက်ဆုံးနေသူတွေရဲ့ မိသားစုဝင်  ၁ ဦးက ပြောပါတယ်။

အဲဒီလို ဖမ်းဆီးခံရသူတွေဟာ တာလောကြီးရွာမှာနေထိုင်ကြတဲ့ ရှမ်းတိုင်းရင်းသား ၃ ယောက်နဲ့ ကချင် တိုင်းရင်းသား ၁ ယောက်ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။